ဂါနာချိုရဲ့အပြောင်းအရွှေ့အတွက် ချဲလ်ဆီးအသင်းနဲ့ ရိုးမားတို့ ဆက်သွယ်မှုပြုလုပ်
စီးရီးအေကလပ် ရိုးမားအသင်းဟာ အလီဂျန်ဒရို ဂါနာချိုကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းထံ ဆက်သွယ်ပြီး အခြေအနေတွေကို မေးမြန်းစုံစမ်းထားတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂါနာချိုဟာ ပြီးခဲ့တဲ့နှစ်ကမှ မန်ယူအသင်းကနေ ချယ်လ်ဆီးဆီကို ပေါင် ၄၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။
အခုနွေရာသီမှာ သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ချယ်လ်ဆီးဘက်က ပြင်ဆင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ နည်းပြသစ် ရှာဘီအလွန်ဆိုအပေါ်မှာပဲ မူတည်နေပါတယ်။
သတင်းထောက် အယ်လ်ဖရက်ဒို ပီဒူလာရဲ့ အဆိုအရ ရိုးမားအသင်းဟာ ဂါနာချိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးအတွက် ချယ်လ်ဆီးနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတာပါ။
ရိုးမားအသင်းဟာ ဒွန်ယဲလ်မာလန်းကို ကူညီပေးနိုင်မယ့် တောင်ပံကစားသမားအသစ်တစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး အခုလောလောဆယ်မှာတော့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အရင်ဆုံး ကမ်းလှမ်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီလိုအငှားစာချုပ်မျိုးကို သဘောတူလက်ခံမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။