ကိုရင်သီယန်အသင်းနဲ့ စာချုပ်အခြေအနေအပေါ် ဖွင့်ဟပြောကြားလာတဲ့ သရဲနီဟောင်းဒီပေး
မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဒီပေးက လာမယ့်ဇွန်လမှာ ကုန်ဆုံးတော့မယ့် သူရဲ့လက်ရှိစာချုပ်သက်တမ်းအတွက် စာချုပ်သစ်ကိစ္စဆွေးနွေးနေချိန်မှာပဲ အနာဂတ်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။
ဒီပေးက စာချုပ်သက်တမ်းတိုးဖို့အတွက် ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပေမဲ့ ဘရာဇီးလ်ကလပ်အသင်းအပေါ်မှာ သံယောဇဉ် အတော်လေးကြီးမားနေပြီလို့ ဝန်ခံပြောကြားခဲ့ပြန်ပါတယ်။
ကိုရင်သီယန်အသင်းရဲ့ကိုပါလစ်ဘာတေးဒိုးစ်ပွဲစဉ်အဖြစ် ပလာတန်းဆေးအသင်းနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာပြီးနောက် အနာဂတ်နဲ့ပတ်သက်တဲ့ခန့်မှန်းချက်တွေကို ဒီပေးက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
"ကျွန်တော် ပြောသင့်သလောက်လည်း ပြောပြီးပြီ၊ လုပ်သင့်သလောက်လည်း လုပ်ပြပြီးပြီလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ ဆန္ဒကိုလည်း လူတိုင်း သိကြပါလိမ့်မယ်။ ကလပ်အသင်းရော၊ ပရိသတ်တွေရော ကျွန်တော် ကိုရင်သီယန်ကို ဘယ်လောက်ချစ်လဲဆိုတာ သိကြပါတယ်။ ကျွန်တော် ဒီမှာ ဆက်နေချင်တာပေါ့။ ဒါပေမဲ့ ပြောသလောက်တော့ မလွယ်ကူပါဘူး။ အကောင်းဆုံးဖြစ်မယ့် ညှိနှိုင်းမှုပုံစံကိုတော့ ကျွန်တော်တို့ ရှာဖွေနေပါတယ်" လို့ ဒီပေးက ပွဲအပြီးအင်တာဗျူးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ နယ်သာလန်လက်ရွေးစင်ကစားသမားနဲ့ အသင်းရဲ့ဘောလုံးဒါရိုက်တာ မာဆယ်လိုပက်ဇ် အပါအဝင် အသင်းတာဝန်ရှိသူတွေအကြား သဘောတူညီမှုရရှိဖို့အတွက် ဆက်လက်ဆွေးနွေးနေကြပါတယ်။
ဒီပေးက နည်းပြရော်နယ်ကိုးမန်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် နယ်သာလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရလို့ လတ်တလောမှာ နိုင်ငံ့လက်ရွေးစင်အသင်းပွဲစဉ်တွေဆီ အာရုံစိုက်သွားပါတော့မယ်။
ဒီတိုက်စစ်မှူးက ဒဏ်ရာကြောင့် နှစ်လနီးပါး အနားယူခဲ့ရပေမဲ့ အခုရာသီမှာ ၁၄ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။