The network connection is lost.

Banner Image

မိုဆာလက်ရဲ့မှတ်ချက်ကို အဆင့်အတန်းမရှိဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ လီဗာပူးဂန္ထဝင်နီကိုးလ်

မကြာသေးခင်ကပဲ လီဗာပူးတိုက်စစ်မှူးမိုဆာလက်ကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေကို အဆင့်အတန်းမရှိဘူးလို့ စတီဗင်နီကိုးလ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

အီဂျစ်လက်ရွေးစင်ကစားသမားက လီဗာပူးအသင်းကို ပြိုင်ဘက်တွေ ကြောက်ရွံ့ရတဲ့ "Heavy metal တိုက်စစ်ဆင်ကစားတဲ့အသင်းပုံစံ"ဆီ ပြန်ရောက်စေချင်တယ်လို့ ရေးသားခဲ့ရာမှ အငြင်းပွားမှုတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

အက်စတွန်ဗီလာကို ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးရဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အပြီး မိုဆာလက်ရဲ့ မှတ်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ မိုဆာလက်က ပေါင်နောက်ကြောဒဏ်ရာမှပြန်သက်သာလပြီး ဒုတိယပိုင်းလူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ဆုဖလားများစွာဆွတ်ခူးခဲ့ဖူးတဲ့ ဂန္ထဝင်ကစားသမားနီကိုးလ်ကတော့ မိုဆာလက်ကိုယ်တိုင် အသင်းရဲ့ ဦးတည်ချက်ကို လူသိရှင်ကြားမေးခွန်းထုတ်နေမယ့်အစား စိတ်ပျက်စရာတွေကို သီးသန့်ပဲ ဖြေရှင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"မိုဆာလက်က လီဗာပူးဂျာစီစဝတ်ကတည်းက ပရိသတ်တိုင်းရဲ့အားကိုးမှုကို ရရှိခဲ့ပါတယ်။ မိုဆာလက်က လီဗာပူးအသင်း၊ ပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် သူ့ရဲ့ နှလုံးသား၊ ဝိညာဉ်နဲ့ ရှိသမျှ အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်" လို့ နီကိုးလ်က ESPN ကို ပြောပါတယ်။

"ဒါပေမဲ့ လီဗာပူးမှာ သူရှိနေတဲ့နောက်ဆုံးအချိန်ရောက်မှ အခုလိုလုပ်တယ်ဆိုတာ တကယ်ကို လုံးဝဥဿုံ ရူးသွပ်လွန်းတဲ့လုပ်ရပ်လို့ ကျွန်တော် ထင်ပါတယ်။ သူဘာလို့ ဒါမျိုးလုပ်တာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ သူ စိတ်ဆိုးနေတာလား၊ နည်းပြကို စိတ်ဆိုးနေတာလား၊ တကယ်ပါပဲဗျာ။ သူ ဘာကြောင့် ဒါမျိုးလုပ်လဲဆိုတာ ကျွန်တော် တကယ်ကို နားမလည်ဘူး"

"လူတိုင်းက မိုဆာလက်ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ချင်နေကြတာပါ။ အဲဒါကို သူက ဘာလို့ ပုံရိပ်အပျက်ခံချင်ရတာလဲ။ ပရိသတ်အချို့ကလည်း 'နေပါဦး၊ မင်းက ငါတို့အသင်းကို ဘာလို့ ဝေဖန်နေတာလဲ' လို့ တွေးမိကြပါလိမ့်မယ်"

"ဒီရာသီက ခက်ခဲတဲ့ရာသီဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်။ အခြေအနေတွေ မကောင်းခဲ့ဘူးဆိုတာလည်း သိပါတယ်။ ဒီနှစ်မှာ အန်းစလော့ အလုပ်ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးဆိုတာလည်း သိပါတယ်။ အဲဒါကို လူတွေရဲ့မျက်စိရှေ့မှာ ဘာလို့ အတင်းလိုက်ထိုးပြနေရတာလဲ။ ဒီအပေါ်မှာ ကျွန်တော် ဘယ်လောက်စိတ်ပျက်မိလဲဆိုတာတောင် မပြောပြတတ်တော့ပါဘူး"

"ကျွန်တော့်အမြင်မှာတော့ သူက လီဗာပူးအတွက် တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့သလို အခုအချိန်အထိလည်း အဆင့်အတန်းမြင့်မြင့် နေထိုင်ပြုမူလာခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူက ဒါမျိုး လုပ်လိုက်ပြီလေ" လို့ နီကိုးလ်က ဆိုပါတယ်။