The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဂွန်ဇာလိုဂါစီယာအတွက် ပြောင်းရွှေ့ကြေးမြင့်မားနေလို့ အခက်တွေ့နေတဲ့ ဒေါ့မွန်

လာမယ့်ရာသီအတွက် ရီးရဲလ်မက်ဒရစ်ရဲ့လူငယ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာကို ခေါ်ယူဖို့ ဒေါ့မွန်က အားသွန်ခွန်စိုက် ကြိုးပမ်းလာပြီး ဒီလူငယ်ကစားသမားလေးကို ဘွန်ဒက်စ်လီဂါကလပ်အသင်းက ထိပ်တန်းပစ်မှတ်တစ်ခု သတ်မှတ်ထားပါတယ်။

ဂျာမန်ကလပ်အသင်းက ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ စတင်ဆွေးနွေးနေပြီး ဒေါ့မွန်ကို ဂါစီယာ တိုးတက်လာဖို့အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

ဒါပေမဲ့ အခုလိုစိတ်ဝင်စားမှုတွေ ရှိနေပေမဲ့လည်း ညှိနှိုင်းမှုတွေကတော့ ခက်ခဲနေဆဲပါပဲ။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးလေးဟာ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ရီးရဲလ်မက်ဒရစ်ဘက်က ကစားသမားအတွက် ယူရို သန်း ၆၀ အထိ အလိုရှိနေပါတယ်။

ထိပ်တန်းအဆင့်မှာ ခြေစွမ်းပြဖို့ ကြိုးစားနေဆဲဖြစ်တဲ့ ကစားသမားတစ်ဦးအတွက် ဒီလိုအသုံးစရိတ်မျိုး မသုံးစွဲချင်လို့ ဒေါ့မွန်ဘက်ကလည်း တခြားနည်းလမ်းတွေ ရှာဖွေနေပါတယ်။

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဘက်က ရွေးချယ်စရာနည်းလမ်းတချို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ ဒါမှမဟုတ် ယူရို သန်း ၂၀ ဝန်းကျင်ဖြင့် အပြီးသတ် ရောင်းချကာ ပြန်လည်ဝယ်ယူခွင့် (buy-back clause) နဲ့ နောက်တစ်ကြိမ် ထပ်မံရောင်းချခဲ့ရင် ရရှိမယ့် အမြတ်ဝေစု (sell-on percentage) အများအပြားကိုလည်း စာချုပ်မှာ ထည့်သွင်းချင်နေပါတယ်။

လက်ရှိမှာတော့ ဒေါ့မွန်အသင်းက သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေကို မထိခိုက်စေဘဲ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်နည်းလမ်းရှိ၊မရှိကို သေချာစဉ်းစားတွက်ချက်နေပါတယ်။