လာမယ့်ဘောလုံးရာသီအတွက် အသင်းဆီ မော်ရင်ဟိုပြန်လာမယ်ဆိုရင် ဝမ်းသာမိလိမ့်မယ်လို့ ဆိုလိုက်တဲ့ အာဘီလိုအာ
ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက လာမယ့်ဘောလုံးရာသီ၊ သူ့ရဲ့နေရာမှာ မော်ရင်ဟိုအစားထိုးဝင်ရောက်ပြီး အသင်းကို ဦးဆောင်ပေးမယ်ဆိုရင်လည်း ပျော်ရွှင်ကျေနပ်မိလိမ့်မယ်လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ကို ဦးဆောင်ခဲ့ပြီး ပက်ဂွါဒီယိုလာရဲ့ဘာစီလိုနာနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပေါ်တူဂီလူမျိုးဝါရင့်နည်းပြကို ဆန်တီယာဂိုဘာနေဗျူးရဲ့နည်းပြခုံတန်းမှာ ပြန်မြင်တွေ့ရလိမ့်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်အတွက်တော့ အငြင်းပွားစရာတွေဖန်တီးတတ်သူ လက်ရှိဘင်ဖီကာနည်းပြကို ဦးဆောင်သူအသစ်အဖြစ် ထပ်မံရွေးချယ်တယ်ဆိုတာ ဆုဖလားလက်မဲ့ဘောလုံးရာသီနှစ်ခုအပြီး စွန့်စားမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
" ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းအဖြစ်၊ ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦးအဖြစ် ကျွန်တော့်အတွက်တော့ မော်ရင်ဟိုဆိုတာ အကောင်းဆုံးနံပါတ်တစ်ပါပဲ။ သူက ကျွန်တော်တို့နဲ့ တစ်သားတည်းရှိပါတယ်" လို့ အာဘီလိုအာက သတင်းထောက်တွေကို ပြောပါတယ်။ "အကယ်၍ သူသာ လာမယ့်နှစ်မှာ ပြန်လာမယ်ဆိုရင် သူရဲ့အိမ်ပြန်လမ်းကို မြင်တွေ့ရဖို့ရှိနေလို့ ကျွန်တော် အလွန်ဝမ်းသာမိပါလိမ့်မယ်" လို့လည်း ဆိုပါတယ်။
အာဘီလိုအာက ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း၊ အလွန်ဆိုရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့ပေမဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ရီးရဲလ်မက်ဒရစ်ကို အပြောင်းအလဲဖြစ်အောင် မစွမ်းဆောင်ပြနိုင်ခဲ့ပါဘူး။