ဒဏ်ရာကနေ ပြန်လာပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ဖွင့်ဟလာတဲ့ မန်စီးတီးနောက်ခံလူ ဂျီဗာဒီအော
ဗုဒ္ဓဟူးနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တဲ့ ဂျီဗာဒီအောက မန်စီးတီးရဲ့ ပွဲထွက်လူစာရင်းမှာ ချက်ချင်းပြန်ပါလာခဲ့တာကြောင့် အံ့ဩခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ခရိုအေးရှားနောက်ခံလူက သူပွဲထွက်ကစားရမယ်ဆိုတာကို ပွဲမစခင် နာရီပိုင်းအလိုမှာမှ သိခဲ့ရတာဖြစ်ပေမဲ့ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ စိတ်ပျက်စရာအချိန်တွေအပြီးမှာ အခုလိုအခွင့်အရေးကို အမိအရအသုံးချဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။
"ကျွန်တော် အံ့ဩသွားတယ်၊ ပွဲထွက်လူစာရင်းမှာ ပါလာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ပွဲမစခင် နှစ်နာရီ၊ သုံးနာရီလောက်အလိုမှာမှ သိခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ အမြဲအသင့်ဖြစ်နေဖို့ လိုတယ်လေ၊ အခုလို ပြန်လာနိုင်တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ရာသီကုန်ဖို့ သုံးပွဲပဲ ကျန်တော့တာ အားလုံးသိတဲ့အတိုင်းပါပဲ၊ ပြန်ကစားခွင့်ရပြီး ပွဲကစားချိန်တွေ ရခဲ့လို့ ပျော်ပါတယ်" လို့ ဂျီဗာဒီအောက ပရီးမီးယားလိဂ်ဝက်ဘ်ဆိုဒ်ကို ပြောခဲ့ပါတယ်။ "ကျွန်တော် အသက်လည်း နည်းနည်းကြီးလာပြီဆိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက်စာရင် အတွေ့အကြုံပိုရှိလာပါပြီ။ ကျွန်တော်လုပ်နိုင်သလောက် အကောင်းဆုံးကစားနိုင်ဖို့ပဲ ကြိုးစားနေတာပါ" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဂျီဗာဒီအောက လန်ဒန်ကလပ်အသင်းနဲ့ပွဲမှာ အစွမ်းပြခဲ့တဲ့ အသင်းဖော် ဖေးလ်ဖိုဒန်ကိုလည်း ချီးကျူးစကား ပြောခဲ့ပါသေးတယ်။ "ဖိုဒန်ရဲ့ အရည်အချင်းကို ကျွန်တော်တို့ သိပါတယ်။ သူက နေရာကျဉ်းကျဉ်းလေးတွေမှာတောင် ဘယ်လောက်ကောင်းလဲဆိုတာ အားလုံးအသိပါပဲ။ သူက တကယ်တော်တာပါ၊ အသင်းအတွက် လိုအပ်နေတဲ့အရာကို သူလုပ်ပေးနိုင်ခဲ့သလို ဖန်တီးပေးမှုကလည်း တကယ့်ကို ကောင်းမွန်ပါတယ်" လို့ ဆက်ပြောပါတယ်။
"ဒဏ်ရာကနေ ပြန်လာတဲ့ ပထမဆုံးပွဲမှာတင် ဂိုးသွင်းနိုင်ဖို့ဆိုတာကတော့ သိပ်တော့မဖြစ်နိုင်ပါဘူး၊ နောက်ပွဲကျရင်တော့ ဖြစ်လာနိုင်ပါတယ်။ ဒါက လွယ်တော့မလွယ်ကူခဲ့ပါဘူး။ ဒဏ်ရာရခဲ့ပြီးနောက်မှာ ဒါကို စိန်ခေါ်မှုအသစ်တစ်ခုအနေနဲ့ လက်ခံဖို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပါတယ်။ အခု ပြန်လာနိုင်လို့ ဝမ်းသာပါတယ်၊ ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း ပြည့်နေပြီလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ ကျွန်တော့်အတွက် ပွဲကစားချိန်တွေ လိုအပ်နေတာ သဘာဝပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။