လီဗာပူးနဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးရဲ့ခြေစွမ်ပိုင်းကို ကျေနပ်အားရနေတဲ့ မက်ဖာလိန်း
ချဲလ်ဆီးယာယီနည်းပြမက်ဖာလိန်းက လီဗာပူးနဲ့အကြိတ်အနယ်ကစားပြီး သရေကျခဲ့တဲ့ပွဲစဉ်အပြီး အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးလိုက်ပါတယ်။
လန်ဒန်အခြေစိုက်ကလပ်အသင်းက ပွဲအစပိုင်းမှာတင် ဂရာဗန်ဘတ်ချ်ရဲ့အဝေးကန်ချက်သွင်းဂိုးဖြင့် ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ ပထမပိုင်းပွဲချိန်မဆုံးခင် အန်ဇိုဖာနန်ဒက်ဇ်က ပြစ်ဒဏ်ဘောမှတဆင့် ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ဧည့်သည်ချဲလ်ဆီးအသင်းက ဆက်တိုက်ခြိမ်းခြောက်နိုင်ခဲ့ပြီး ကိုးလ်ပယ်လ်မာရဲ့သွင်းဂိုးကို VAR စစ်ဆေးမှုအရ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ နောက်ထပ်သွင်းဂိုးမရရှိခဲ့ပါဘူး။
မက်ဖာလိန်းကတော့ အသေးအမွှားအခြေအနေလေးတွေကြောင့်သာ အသင်းအတွက် အမှတ်တရအောင်ပွဲတစ်ခုနဲ့ လွဲချော်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
"ဒါ တကယ်ကိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ" လို့ မက်ဖားလိန်းက ပြောပါတယ်။ " တကယ်တော့ ပွဲရဲ့တချို့အခိုက်အတန့်တွေမှာ ဘယ်ဘက်ကိုမဆို ရလဒ်ထွက်သွားနိုင်တဲ့ အနေအထားပါ။ ကျွန်တော် နည်းနည်းဘက်လိုက်ပြီး ပြောရမယ်ဆိုရင်တော့ ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရသင့်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေ အများကြီးရခဲ့ပါတယ်။ ပထမပိုင်းမှာ အန်ဇိုဖာနန်ဒက်ဇ်ရခဲ့တဲ့ အခွင့်အရေး၊ ကူကူရယ်လာအတွက် နေရာလွတ်တွေရပြီး ဖြတ်တင်ဘောတွေ ပေးနိုင်ခဲ့တာတွေ၊ ကပ်သီးကပ်သတ် လူကျွံဘောဖြစ်သွားတာတွေအပြင် ပင်နယ်တီရသင့်တယ်လို့ ကျွန်တော်ထင်တဲ့ အခြေအနေမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒိုင်လူကြီးတွေအတွက် ဆုံးဖြတ်ရတာ ခက်ခဲမယ်ဆိုတာ သိပေမဲ့ ဒါ ရှင်းလင်းတဲ့ ပင်နယ်တီတစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သုံးမှတ်အပြည့် ရခဲ့သင့်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။