The network connection is lost.

Banner Image

မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့ ဂျီဗာဒီအော

ပပ်ဂွါဒီယိုလာက ရာသီသစ်အတွက် အစီအစဉ်တွေ စတင်ပြင်ဆင်နေချိန်မှာ ဂျီဗာဒီအောဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အာဘီလိုင်ပ်ဇစ်အသင်းကနေ ပေါင် ၇၇ သန်းဆိုတဲ့ များပြားလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီးကတည်းက ဂျီဗာဒီအောဟာ မန်စီးတီးအတွက် အထူးခြေစွမ်းပြသနိုင်ခဲ့သူပါ။

ဒီခရိုအေးရှားနောက်ခံလူဟာ ဂွါဒီယိုလာရဲ့ ခံစစ်တန်းမှာ အဓိကကျတဲ့နေရာကနေ ပါဝင်ကစားပေးခဲ့ပြီး ပွဲပေါင်း ၁၂၀ အထိ ပါဝင်ကစားထားသလို ဂိုးပါဝင်ပတ်သက်မှု ၂၃ ကြိမ်အထိလည်း ပြုလုပ်ပေးထားပါတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အသက် ၂၄ နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ချဲလ်ဆီးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ခြေသလုံးရိုး ကျိုးဒဏ်ရာရရှိခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့ပါတယ်။

မန်စီးတီးပရိသတ်တွေအတွက် ကံကောင်းတာကတော့ သူဟာ လာမယ့် မေလ ၂၄ ရက်နေ့၊ အက်စတွန်ဗီလာနဲ့ကစားမယ့် ရာသီပိတ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်သလို စာချုပ်သစ်ကိုလည်း ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

သတင်းထောက် နီကိုရှီရာရဲ့ အဆိုအရ ဂျီဗာဒီအောဟာ အီတီဟတ်ကွင်းမှာ ၂၀၃၀ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုဖို့ နီးစပ်နေပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညက အဲဗာတန်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အာဆင်နယ်အသင်းရဲ့နောက် ၅ မှတ်အကွာကို ရောက်သွားခဲ့တဲ့ မန်စီးတီးအတွက်တော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။