ချန်ပီယံဆုအတွက် လက်လျှော့မပေးနိုင်သေးဘူးလို့ ဆိုလိုက်တဲ့ ဒိုကူ
ဂျရမီဒိုကူက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးအသင်း အလွယ်တကူ လက်လွှတ်အဆုံးရှုံခံသွားမှာမဟုတ်ဘူးလို့ အာဆင်နယ်ဆီ သတိပေးစကား ဆိုလိုက်ပါတယ်။
အဲဗာတန်နဲ့ သုံးဂိုးစီသရေကျခဲ့မှုကြောင့် အသင်းအတွက် နစ်နာမှုရှိခဲ့ပေမဲ့လည်း တောင်ပံကစားသမားကတော့ Hill Dickinson ကွင်းမှာ ပွဲချိန်နှောင်းပိုင်းချေပဂိုးအပါအဝင် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။
ဒီရလဒ်ကြောင့် မန်စီးတီးရဲ့ချန်ပီယံမျှော်လင့်ချက်တွေ အနည်းငယ်အနှောင့်အယှက်ဖြစ်သွားပေမဲ့လည်း ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားကတော့ ရာသီကုန်အထိ ဆက်လက်တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
"ဒါက တကယ်ကို နာကျင်ရပါတယ်၊ သိသာတဲ့ နာကျင်မှုပါပဲ" လို့ ဒိုကူက မီဒီယာတွေဆီ ပြောပါတယ်။
"ဒီလိုပွဲမျိုးတွေကို အနိုင်ရဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ကျွန်တော်တို့ လက်မလျှော့ခဲ့သလို ရှေ့ဆက်လည်း လက်လျှော့သွားမှာ မဟုတ်ပါဘူး။ ကစားဖို့ ပွဲစဉ်တွေ ကျန်ပါသေးတယ်၊ ရာသီကုန်တဲ့အထိ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပြီး အဲဒီအချိန်ကျမှပဲ ရမှတ်တွေကို ပြန်တွက်ကြည့်ကြတာပေါ့" လို့ ၎င်းက ဆိုပါတယ်။