The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ချဲလ်ဆီးကစားသမားတွေဘက်က ခုခံကာကွယ်ပြောကြားလိုက်တဲ့ မက်ဖာလိန်း

တနင်္လာနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ကစားသမားတွေဟာ အသင်းအတွက် အပြည့်အဝ အားထုတ်ကြိုးပမ်းခဲ့ကြတာပါလို့ ချဲလ်ဆီးယာယီနည်းပြ ကလမ်မက်ဖာလိန်းက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ အခုလို အထိနာခဲ့တဲ့ ရှုံးနိမ့်မှုကြောင့် ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ဟာ အတော်လေးကို အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဖောရက်စ်အတွက် ပွဲပေါင်း ၁၀၀ ပြည့်မြောက်တဲ့ တိုင်ဝို အာဝိုနီယီက အသင်းအတွက် ဦးဆောင်ဂိုးကို စောစောစီးစီး သွင်းယူပေးခဲ့သလို၊ မကြာခင်မှာပဲ အီဂေါ ဂျေးဇပ်စ်က ပင်နယ်တီကနေတစ်ဆင့် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကိုးလ်ပါးလ်မားက လွဲချော်ခဲ့တာကြောင့် ချဲလ်ဆီးအတွက် ပိုပြီးတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း အာဝိုနီယီကပဲ နောက်ထပ်ဂိုး ထပ်မံသွင်းယူခဲ့ပြီး၊ ပွဲပြီးခါနီးမှာ ဂျာအို ပီဒရိုက လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ချဲလ်ဆီးအတွက်တော့ အရာမထင်ခဲ့ပါဘူး။

လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ ကျဆင်းနေပြီး ရလဒ်တွေ ဆိုးရွားနေတဲ့ ချဲလ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့ အခြေအနေ အတော်လေးကို နီးစပ်နေပြီ ဖြစ်ပါတယ်။

လာမယ့် မေလ ၁၆ ရက်နေ့မှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမယ့် ချဲလ်ဆီးဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲစဉ် ၆ ပွဲဆက်တိုက် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

"တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ ရလဒ်နဲ့ ခြေစွမ်းပါ။ ပွဲစတဲ့ ပထမ ၁၅ မိနစ်က မကောင်းခဲ့တာဟာ ပွဲတစ်ပွဲလုံးအပေါ် သက်ရောက်မှုရှိသွားပါတယ်။ ဘာကြောင့်လဲဆိုတာ ပြောဖို့ခက်ပါတယ်၊ ပြီးခဲ့တဲ့အပတ် လိဒ်စ်နဲ့ပွဲမှာ ကစားခဲ့တဲ့ ခံစစ်ပုံစံနဲ့ ဘာလို့ဒီလောက်အထိ ကွာခြားသွားလဲဆိုတာ ပြန်သုံးသပ်ရပါလိမ့်မယ်။ အန်ဇို ဖာနန်ဒက်စ်က တိုင်ထိခဲ့သလို ကိုးလ်ပါးလ်မားကလည်း ပင်နယ်တီ လွဲခဲ့ပါတယ်။ ဒီလိုမျိုး အစကတည်းက အခြေအနေမကောင်းတဲ့အချိန်မှာ ကိုယ့်ဘက်ကို ကံကောင်းမယ့် အခွင့်အရေးတွေ လိုအပ်ပေမဲ့ ကံမကောင်းခဲ့ပါဘူး။ ဒါဟာ အရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ သိပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ အဆင့်အတန်းအတိုင်း မကစားနိုင်ခဲ့ပါဘူး" လို့ မက်ဖာလိန်းက ပြောပါတယ်။

လီယမ် ရိုဆင်နီယာ လက်ထက်မှာ ချဲလ်ဆီးကြယ်ပွင့်တွေဟာ အသင်းအပေါ် စိတ်မပါတော့ဘူးဆိုတဲ့ ကောလာဟလတွေ အဆက်မပြတ် ထွက်ပေါ်ခဲ့ပေမဲ့ မက်ဖာလိန်းကတော့ သူ့ရဲ့ကစားသမားတွေဟာ အသင်းအတွက် အပြည့်အဝ အာရုံစိုက်နေဆဲပဲလို့ ဆိုပါတယ်။

"အဲဒီလိုမျိုးတော့ ကျွန်တော်မပြောချင်ပါဘူး။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်အားထက်သန်မှု လျော့နည်းနေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ သူတို့ကို ယုံကြည်ပါတယ်၊ ကစားသမားတွေ အစွမ်းကုန် ကြိုးစားနေတာကို ကျွန်တော်တို့ နေ့တိုင်း မြင်နေရတာပါ။ အခုရှုံးနိမ့်မှုကို မြန်မြန်မေ့ပြီး ပြန်လည်တုံ့ပြန်နိုင်ဖို့ပဲ အာရုံစိုက်ရပါမယ်။ အရင်ကလည်း ပြောဖူးသလိုပါပဲ၊ ဒီခြေစွမ်းထက် ပိုကောင်းအောင်လုပ်ပြီး နောက် ၅ ရက်မှာ ကစားမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ချဲလ်ဆီးအတွက် ပိုပြီး စိတ်မကောင်းစရာကတော့ ပါးလ်မား လွဲချော်ခဲ့တဲ့ ပင်နယ်တီကို ရအောင်ယူပေးခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဂျက်ဆီဒယ်ရီဟာ ဦးခေါင်းဒဏ်ရာကြောင့် ပွဲထွက်ကစားခွင့်ရတဲ့ ပထမဆုံးပွဲမှာတင် လူနာတင်ခုတင်နဲ့ ကွင်းပြင်ထွက်ခဲ့ရတာပါ။

"နောက်ဆုံးရရှိတဲ့သတင်းအရ သူ့ရဲ့အခြေအနေ ကောင်းမွန်ပါတယ်။ ဆေးအဖွဲ့နဲ့ အသေးစိတ် ထပ်မံဆွေးနွေးရဦးမှာ ဖြစ်ပေမဲ့ အခြေအနေ ကောင်းတယ်လို့ပဲ ဆိုရမှာပါ" လို့ ဒယ်ရီနဲ့ပတ်သက်ပြီး မက်ဖာလိန်းက ပြောကြားခဲ့ပါတယ်။