The network connection is lost.

Banner Image

ဖာနန်ဒက်စ်က ယူနိုက်တက်ကို ၅ နှစ်လောက်အထိ ထမ်းပေးခဲ့သူဖြစ်တယ်လို့ ဘရုစ် ချီးကျူး

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း စတိဗ်ဘရုစ်ဟာ မနေ့ညက ဘရန့်ဖို့ဒ်အသင်းအပေါ် အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာတော့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အလွန်အမင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ဘင်ဂျမင်ဆက်စကို သွင်းယူခဲ့တဲ့ ပထမပိုင်းအနိုင်ဂိုးကို ဖာနန်ဒက်စ်ကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

စတိဗ်ဘရုစ်က talkSPORT နဲ့ အင်တာဗျူးမှာ "သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ငြင်းခုံဆွေးနွေးမှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ သူဟာ ပြီးခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်တာအတွင်း မန်ယူအသင်းအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"တကယ်ကိုပဲ အသင်းကြီးတစ်သင်းကို အခုလို ပခုံးပေါ်ထမ်းတင်ပြီး ဆွဲခေါ်သွားရတာက အရမ်းကို ဝန်ပိစေတဲ့အရာပါ။ ဒါပေမဲ့ သူကတော့ အဲဒီတာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်နိုင်ခဲ့ပြီး ဘယ်တော့မှ စိတ်ပျက်စရာ မဖြစ်စေခဲ့ပါဘူး" လို့ ဆက်ပြောပါတယ်။

"သူဟာ ပွဲစဉ်တိုင်းမှာလည်း ပါဝင်ကစားသလို သူ့မှာရှိတဲ့ အစွမ်းအစအားလုံးကိုလည်း အသင်းအတွက် ပုံအောပေးဆပ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ခံစားချက်တွေ ရှေ့တန်းတင်မိတာမျိုး ရှိတတ်ပေမဲ့ (ဒါကလည်း လူတိုင်းဖြစ်တတ်တာပါပဲ) သူကတော့ အသင်းအတွက် လိုအပ်တဲ့ ရလဒ်တွေကို အမြဲတမ်း ဖန်တီးပေးနိုင်သူပါ" လို့ ဆိုပါတယ်။

တနင်္လာနေ့က ရရှိခဲ့တဲ့ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။