လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမဲ့ အကောင်းမြင်စရာအချက်တွေ အများကြီးရှိတယ်လို့ ပဲလေ့စ်ကွင်းလယ်လူဝါတန် ပြောကြား
လီဗာပူးအသင်းနဲ့ကစားခဲ့တဲ့စနေနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ သူတို့အသင်းအတွက် အခုထက်ပိုကောင်းတဲ့ ရလဒ်မျိုးရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူဝါတန် ယုံကြည်မိနေပါတယ်။
အဆိုပါပွဲစဉ်မှာ လီဗာပူးအတွက် အီဆက်ခ်နဲ့ ရောဘတ်ဆန်တို့က ဦးဆောင်ဂိုးကိုယ်စီ သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပဲလေ့စ်အတွက် မူနော့ဇ်က ချေပဂိုးပြန်သွင်းပေးခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ဖလော်ရီယန်ဝဇ်က လီဗာပူးအတွက် အပိတ်ဂိုးကို သွင်းယူခဲ့ပါတယ်။
"ရလဒ်ပိုင်းကိုတော့ တကယ်စိတ်ပျက်မိတာ အမှန်ပါပဲ။ ကျွန်တော်တို့ ဒီကိုလာခဲ့တယ်ဆိုတာ အနိုင်ရလဒ်အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကစားပုံကတော့ ကောင်းမွန်ခဲ့တယ်လို့ ခံစားရပါတယ်" လို့ ဝါတန်က Palace TV ကို ပြောပါတယ်။
"ဒီပွဲမှာ အကောင်းမြင်စရာအချက်တွေကို ကျွန်တော်တို့ ပြန်ကြည့်လို့ရပါတယ်။ အခွင့်အရေးကောင်းတွေ အများကြီးဖန်တီးနိုင်ခဲ့သလို တခြားတစ်နေ့မှာဆိုရင် ကျွန်တော်တို့ ဂိုးတွေ အများကြီးပိုသွင်းနိုင်ခဲ့ပါလိမ့်မယ်။ သူတို့ကတော့ ရတဲ့အခွင့်အရေးတွေကို အပိုင်အသုံးချပြီး ထိရောက်အောင် ကစားသွားနိုင်ခဲ့တယ်။ ကောင်းတဲ့အချက်တွေကို ပြန်ကြည့်လို့ရပေမဲ့ နောက်ဆုံးမှာတော့ ရလဒ်ကြောင့် စိတ်ပျက်ရတာပါပဲ" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ဝါတန်က "ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးကောင်းအချို့ ရခဲ့သလို သူတို့ကိုလည်း ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့က တန်ပြန်တိုက်စစ်မှတဆင့် နှစ်ကြိမ်လောက် ထိုးဖောက်သွားနိုင်ခဲ့တယ်။ လီဗာပူးက တန်ပြန်တိုက်စစ်မှာ ထိပ်တန်းအသင်းတစ်သင်းဆိုတာ သိသာပါတယ်။ သူတို့က အခွင့်အရေးအနည်းငယ်ပဲ ရခဲ့တာတောင် အဲဒါကို အပိုင်အသုံးချသွားနိုင်ခဲ့ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။