The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဖလားရဖို့အတွက် ကျန်တဲ့ပွဲစဉ်အားလုံးကို အနိုင်ရဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူးလို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ဝန်ခံပြောကြား

ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးချင်တယ်ဆိုရင် သူတို့အသင်းအနေနဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်အားလုံးမှာ အနိုင်ရဖို့ လိုအပ်လိမ့်မယ်လို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဘန်လေကို ၁ ဂိုး - ဂိုးမရှိနဲ့ ခက်ခဲစွာ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့သလို ဒီပွဲရလဒ်ကြောင့် ဘန်လေအသင်းကတော့ ချန်ပီယံရှစ်လိဂ်ကို တန်းဆင်းသွားခဲ့ရပါတယ်။

စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အသင်း ဇယားထိပ်ကနေ ဖယ်ပေးလိုက်ရတာကြောင့် အခုဆိုရင် ကျန်ရှိနေတဲ့ နောက်ဆုံး ၅ ပွဲမှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေက တကယ်ကို ပြင်းထန်လာခဲ့ပါပြီ။

ပွဲအပြီးမှာ Match of the Day နဲ့ အင်တာဗျူးရာမှာတော့ ဂွါဒီယိုလာက သူတို့အသင်းအနေနဲ့ ဖလားကို ကိုင်မြှောက်ချင်တယ်ဆိုရင် အမှားအယွင်းမရှိဘဲ အကောင်းဆုံး ကစားနိုင်ဖို့ လိုအပ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ "ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ စိတ်မကောင်းစရာကတော့ အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့တာပါပဲ။ ဒုတိယပိုင်းမှာတော့ ခံစစ်ပိုင်းက ပိုပြီးကောင်းမွန်လာခဲ့သလို အခက်အခဲတွေလည်း သိပ်မရှိတော့ပါဘူး" လို့ ၎င်းက ပြောပါတယ်။ အာဆင်နယ်နဲ့ပွဲပြီးနောက် ခက်ခဲတဲ့ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့လည်း "ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပွဲစဉ်က တကယ်ကို ခွန်အားစိုက်ထုတ်ခဲ့ရတဲ့ ပွဲပါ။ သုံးရက်အကြာမှာ အခုလို ကစားရတာ မလွယ်ကူပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ဒါကို အဆင်ပြေအောင် ညှိယူနိုင်ရပါမယ်။ ကျွန်တော်တို့လည်း ဒါမျိုးကို ကျင့်သားရနေပါပြီ။ တကယ်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့သလို ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကတော့ နှမြောဖို့ကောင်းပါတယ်" လို့ ဆိုပါတယ်။

အသင်းအနေနဲ့ ဆက်တိုက်အနိုင်ရဖို့ လိုအပ်ပုံနဲ့ ပတ်သက်ပြီး "အခု လာမယ့် စနေနေ့မှာ အက်ဖ်အေဖလားပွဲ ရှိပါတယ်၊ အဲဒီနောက်မှာတော့ ကျွန်တော်တို့အတွက် ငါးပွဲ ကျန်ပါဦးမယ်။ ချန်ပီယံဖြစ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ကျန်တဲ့ပွဲစဉ်အားလုံးကို အနိုင်ရဖို့ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။