The network connection is lost.

Banner Image

ဖာနန်ဒက်စ်ကို ပွဲပယ်တာက ထူးဆန်းတယ် လို့ လင်နီကာအခိုင်အမာပြော

ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမားကြီး ဂယ်ရီလင်နီကာက ချယ်လ်ဆီးအသင်းက အန်ဇို ဖာနန်ဒက်စ်ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။

ချယ်လ်ဆီးနည်းပြ လီယမ် ရိုဆင်နီယာကတော့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် ပေါ့ဗေးလ်၊ မန်စီးတီးတို့နဲ့ ပွဲစဉ်တွေအတွက် ဖာနန်ဒက်စ်ကို လူစာရင်းကနေ ချန်လှပ်ထားခဲ့ပေမဲ့ သူ့အတွက် "တံခါးပိတ်မထားဘူး" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ စတန်းဖို့ဒ်ဘရစ်ချ်က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ စကားတွေဟာ "စည်းကျော်သွားခဲ့တယ်" လို့ ရိုဆင်နီယာက ဆိုပါတယ်။

လာမယ့် အပြောင်းအရွှေ့ကာလမှာ ဖာနန်ဒက်စ်အနေနဲ့ အနောက်လန်ဒန်ကနေ ထွက်ခွာသွားနိုင်ခြေ ရှိနေချိန်မှာ လင်နီကာက "The Rest is Football" ပေါ့ဒ်ကတ်စ်မှာ အခုလို ပွဲပယ်တာဟာ ထူးဆန်းသလို နည်းနည်းလည်း မမျှတဘူးလို့ ပြောခဲ့တာပါ။

"ဒါက နည်းနည်းတော့ ထူးဆန်းတယ်လို့ ကျွန်တော်ထင်တယ်။ သူက ချယ်လ်ဆီးအပေါ် အထူးတလည် ဆိုးရွားတာမျိုး ဒါမှမဟုတ် ထိခိုက်စေတာမျိုး ဘာမှပြောခဲ့တယ်လို့ မထင်ပါဘူး။ သူက မက်ဒရစ်မှာ နေချင်တယ်လို့ပဲ အခြေခံအားဖြင့် ပြောခဲ့တာပါ" လို့ လင်နီကာက စတင်ပြောဆိုပါတယ်။

၎င်းက ဆက်လက်ပြီး "(မာ့ခ်) ကူကူရီလာကလည်း ဘာစီလိုနာနဲ့ ပတ်သက်ပြီး အလားတူမျိုး ပြောခဲ့ဖူးပေမဲ့ ဘာပြစ်ဒဏ်မှ မထိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်မှာ ဘယ်သူက မကစားချင်ဘဲ နေမလဲဗျာ။ အခုပွဲပယ်တာကို ကျွန်တော် နားမလည်နိုင်ဘူး။ သူ့ကို အပြစ်ပေးချင်ရင် ဒဏ်ငွေရိုက်ပြီး အသင်းတွင်းမှာပဲ ဖြေရှင်းလို့ရတာပဲ၊ ပွဲပယ်လိုက်တာက အသင်းအတွက် ဘာအကျိုးရှိမလဲဆိုတာ ကျွန်တော် မမြင်မိဘူး။ ပေါ့ဗေးလ်နဲ့ပွဲမှာတော့ ဒါက ဘာမှထူးခြားမသွားပေမဲ့ တကယ်ကို ထူးဆန်းတဲ့ ဆုံးဖြတ်ချက်လို့ပဲ ကျွန်တော် ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဖာနန်ဒက်စ်ဟာ ကူကူရီလာ၊ မွိုက်စ် ကိုင်စီဒိုတို့နဲ့အတူ အနာဂတ် မရေမရာဖြစ်နေတဲ့ ချယ်လ်ဆီးကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်လာပြီး အသင်းကတော့ နည်းပြတွေ အကြိမ်ကြိမ် ပြောင်းလဲနေပေမဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဒီရာသီမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးထားတဲ့ ဖာနန်ဒက်စ်ကို ရီးရဲလ်မက်ဒရစ်က ပရီးမီးယားလိဂ်ကနေ ခေါ်ယူဖို့ ဆွဲဆောင်နေချိန်မှာ သူ့နေရာကို အစားထိုးဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။