The network connection is lost.

Banner Image

ဆီဗီလာနည်းပြသစ်အဖြစ်ခန့်အပ်ခံရပြီးနောက် အသင်းပရိသတ်တွေထံ ပထမဆုံးအကြိမ် အမှာစကားပါးလိုက်တဲ့ ဂါစီယာပလာဇာ

အင်္ဂါနေ့မှာ ဆီဗီလာအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ လူးဝစ်ဂါစီယာပလာဇာက ပရိသတ်တွေ စုစည်းမှုရှိလာအောင် တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဂါစီယာပလာဇာဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မာတီးယပ်စ် အယ်လ်မေဒါရဲ့ နေရာမှာ အစားထိုး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

သူဟာ နည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် လေ့ကျင့်ရေးကွင်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို ပရိသတ်တွေဆီကိုလည်း ပထမဆုံး သတင်းစကား ပါးခဲ့ပါတယ်။ မက်ဒရစ်ဇာတိသား နည်းပြက "အလုပ်စလုပ်ဖို့ အရမ်းစိတ်လှုပ်ရှားနေသလို ဒီလိုမျိုး ကြီးကျယ်တဲ့ ကလပ်အသင်းဆီ ရောက်လာရတာလည်း အရမ်းဝမ်းသာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"လက်ရှိ အခြေအနေက ကျွန်တော်တို့အားလုံး ဖြစ်ချင်တဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ နည်းပြအဖွဲ့သစ်ရဲ့ စိတ်အားထက်သန်မှုနဲ့ အထူးသဖြင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ဆိုရင် အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ပြီး ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဆီကို ရောက်အောင်သွားနိုင်မယ်ဆိုတာ ယုံကြည်ပေးကြပါ" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် "ခင်ဗျားတို့ အားလုံးနဲ့ တွေ့ရဖို့ကိုလည်း အရမ်းမျှော်လင့်နေပါတယ်။ နောက်ထပ် ပွဲစဉ်နှစ်ပွဲအကြာမှာ ကျွန်တော်တို့ ကွင်းထဲမှာ တွေ့ကြဖို့ မျှော်လင့်သလို အားလုံး စုပေါင်းပြီး ဒါကို အကောင်အထည်ဖော်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ တက်ညီလက်ညီ ရှေ့ဆက်ကြစို့ ဆီဗီလာရေ..." လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂါစီယာပလာဇာဟာ ဆီဗီလာနည်းပြအဖြစ် ဒီနေ့မှာပဲ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်ကို စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။