ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်လာဖို့ ရှိ၊မရှိ တုံ့ပြန်ပြောကြားလာတဲ့ အန်ဒက်ဗ်
လိုက်ပ်ဇစ်ကို အနိုင်ရခဲ့တဲ့ စတုဂတ်ရဲ့အရေးကြီးဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဒင်းနစ်အန်ဒက်ဗ်ကိုယ်တိုင်လည်း နောက်တစ်ကြိမ် အဓိကဇာတ်ဆောင် ဖြစ်ခဲ့ပြန်ပါတယ်။ ခြေစွမ်းပြနေတဲ့ အန်ဒက်ဗ်က အခုပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့သလို လိဂ်အင်အားကြီးပြိုင်ဘက်ကို ယုံကြည်မှုအပြည့် ရင်ဆိုင်ကစားပြခဲ့ပါတယ်။
ပြိုင်ဘက်ရဲ့အဆင့်အတန်းကြောင့် ဒီနိုင်ပွဲက အန်ဒက်ဗ်အတွက် ထူးခြားတဲ့အဓိပ္ပာယ် ရှိနေပါတယ်။ "ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် သိပ်အရေးကြီးပါတယ်။ လိုက်ပ်ဇစ်က တကယ့်အသင်းကောင်းတစ်ခုပါ၊ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့က သူတို့ထက် နည်းနည်းလေး ပိုသာခဲ့ပါတယ်" လို့ ပွဲအပြီးမှာ သူက ပြောခဲ့ပါတယ်။
စတုဂတ်ရဲ့စုပေါင်းအားထုတ်မှုက အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ပွဲစဉ်တလျှောက်လုံး အသင်းဖော်တွေရဲ့ စနစ်တကျရှိမှုနဲ့ အားစိုက်ထုတ်မှုကိုလည်း ချီးကျူးခဲ့ပြီး "လူတိုင်းက ရှိသင့်တဲ့နေရာမှာ ရှိနေခဲ့ကြပါတယ်။ ဂိုးရသွားတာရော၊ ပရိသတ်တွေရဲ့အားပေးမှုအငွေ့အသက်တွေရောကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့ပါတယ်" လို့ ပြောပါတယ်။
လိုက်ပ်ဇစ်ရဲ့အတွေ့အကြုံရင့်ခံစစ်တန်းနဲ့ရင်ဆိုင်ရတဲ့ တစ်ဦးချင်းယှဉ်ပြိုင်မှုတွေကိုလည်း အန်ဒက်ဗ် သဘောကျခဲ့ပါတယ်။ "ဝီလီအော်ဘန်လို ခံစစ်မှူးမျိုးနဲ့ ယှဉ်ကစားရတာကို ကျွန်တော် တကယ် သဘောကျပါတယ်။ သူတို့ရဲ့ဂိုးသမားကလည်း ကမ္ဘာ့အဆင့်ကာကွယ်မှုတွေ အများကြီးလုပ်သွားခဲ့ပါတယ်" လို့ ဆိုပါတယ်။
စတုဂတ်ရဲ့ပြင်းထန်တဲ့ဖိအားပေးကစားမှုကြောင့် လိုက်ပ်ဇစ်ကိုယ်တိုင် သူတို့ရဲ့ ဂိုးဧရိယာနားမှာ အမှားကျူးလွန်မိပြီး အန်ဒက်ဗ်ရဲ့အနိုင်ဂိုး ပေါ်ပေါက်လာခဲ့ပါတယ်။ " ဖူရစ်ချ်က လိုက်ပ်ဇစ်ရဲ့အမှားကို အမိအရ သတိထားမိလိုက်ပြီး ကျွန်တော့်ကို မြင်တာနဲ့ ဘောလုံးပေးပို့လိုက်ပါတယ်။ အဲ့ဒီအချိန်မှာတင် ဒီဘောလုံးက ဂိုးဝင်တော့မယ်ဆိုတာကို ကျွန်တော် ချက်ချင်းခံစားမိလိုက်တယ်" လို့ အန်ဒက်ဗ်က အခြေအနေကို ရှင်းပြခဲ့ပါတယ်။
ဒီလိုအခိုက်အတန့်တွေက တိုက်ဆိုင်မှုမဟုတ်ဘဲ စတုဂတ်ရဲ့နည်းဗျူဟာပိုင်းအရ ဖြစ်ပေါ်လာတဲ့ရလဒ်လို့ သူက အလေးအနက်ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ဖိအားပေးကစားမှုတွေကြောင့် ဒီလိုအခြေအနေမျိုးတွေ အကြိမ်ကြိမ်ဖြစ်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ အရာအားလုံး ကွက်တိဖြစ်သွားတာပေါ့"
ဘောလုံးက သူ့ဆီရောက်လာတဲ့အခါမှာတော့ တိုက်စစ်မှူးဗီဇအတိုင်းပဲ အကောင်းဆုံးအဆုံးသတ်ခဲ့ပါတယ်။ "ကျွန်တော်က တစ်သက်လုံး တိုက်စစ်မှူးအဖြစ် ကစားလာတာပါ။ ဒီနေ့လို အခြေအနေမျိုးတွေနဲ့လည်း မကြာခဏကြုံဖူးပါတယ်။ ဂိုးသမားတွေ ဘယ်လိုခန့်မှန်းမလဲဆိုတာကိုလည်း ကျွန်တော် ခံစားမိပါတယ်၊ ဒီနေ့လည်း အဲ့ဒီအတိုင်းပါပဲ" လို့ ပြောခဲ့ပါတယ်။
အန်ဒက်ဗ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှာ သူ ပါဝင်လာနိုင်မလားဆိုတဲ့ ဆွေးနွေးမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဂျာမနီနည်းပြနာဂယ်စ်မန်းနဲ့ အဆက်အသွယ် ရှိ၊ မရှိ မေးမြန်းရာမှာတော့ သူက ရွှတ်နောက်နောက်တဲ့ပုံစံဖြင့် သတိထားဖြေကြားခဲ့ပါတယ်။
"ကျွန်တော့်ဖုန်းထဲမှာတော့ နာဂယ်စ်မန်းရဲ့နာမည်ကို နာဂယ်စ်မန်းလို့ပဲ သိမ်းထားပါတယ်" လို့ သူက ပြုံးရင်း ပြောပါတယ်။ "ကျွန်တော်တို့ကို ဆက်သွယ်ထားပြီးပြီလား၊ မဆက်သွယ်ရသေးဘူးလားဆိုတာကိုတော့ မပြောပါရစေနဲ့။ ကြာသပတေးနေ့ကျရင် ဂျာမနီလူစာရင်း ထွက်လာလိမ့်မယ်၊ အဲ့ဒီအခါကျမှပဲ ကြည့်ကြတာပေါ့" လို့ သူက ထပ်ပြောပါတယ်။
လက်ရှိမှာတော့ အန်ဒက်ဗ်ရဲ့အာရုံစိုက်မှုက စတုဂတ်အသင်းဆီမှာပဲ ရှိနေပါတယ်။ သူ့ရဲ့လက်ရှိခြေစွမ်းအရလိုက်ပ်ဇစ်ခံစစ်ကစားသမားတွေ ဒီညမှာရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကို တခြားဘွန်ဒက်လီဂါအသင်းတွေရဲ့ ခံစစ်ကစားသမားတွေလည်း ဆက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ သေချာပါတယ်။