အာဆင်နယ်ပွဲစဉ်သရေရလဒ်အပေါ် ကျေနပ်အားရနေတဲ့ ဘရန့်ဖို့ဒ်နည်းပြအန်ဒရူးစ်
မနေ့ညပိုင်း၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်လို့ အလွန်ကျေနပ်အားရမိတယ်လို့ ဘရန့်ဖို့ဒ်နည်းပြကိတ်အန်ဒရူးစ်က ပြောပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၆၀ မှာ မာဒူကီရဲ့ခေါင်းတိုက်ဂိုးနဲ့ အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၁၀ မိနစ်အကြာမှာပဲ အိမ်ရှင်ဘရန့်ဖို့ဒ်အတွက် ချေပဂိုးကို လီဝစ်ပေါ်တာခေါင်းတိုက်သွင်းယူခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
"အရာအားလုံးပြီးပြည့်စုံတဲ့ ပွဲစဉ်တစ်ခုပါ။ အပြန်အလှန်ထိုးနှက်တိုက်ခိုက်မှုတွေလည်း အများကြီးရှိခဲ့ပါတယ်"လို့ အန်ဒရူးစ်က ဆိုပါတယ်။
"ပထမပိုင်းမှာ ကျွန်တော်တို့အသင်း တကယ်ကိုထူးထူးခြားခြားကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်၊ ကစားပုံလည်းကောင်းခဲ့သလို ပိုကောင်းတဲ့အသင်းလည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းရဲ့ ပထမ ၁၅ မိနစ်၊ ၂၀ မိနစ်လောက်မှာတော့ သူတို့ (အာဆင်နယ်)တွေ တကယ်ကိုကောင်းမွန်ခဲ့ပြီး ပွဲကို ထိန်းချုပ်သွားနိုင်ပါတယ်။ ဒါဟာ အာဆင်နယ်လို ထိပ်တန်းကလပ်အသင်းတစ်ခုလုပ်နိုင်တဲ့ အရာမျိုးပါပဲ။"
"သူတို့ ဦးဆောင်ဂိုးရသွားခဲ့ပေမဲ့ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ခဲ့တဲ့ စိတ်ဓာတ်၊ ရုန်းအားနဲ့ စွမ်းဆောင်ရည်တွေက တကယ့်ကို အံ့ဩစရာပါပဲ။ တကယ်လို့ ဒီပွဲစဉ်အတွက် အနိုင်ရလဒ်ဆိုရင် အဲ့ဒါ ကျွန်တော်တို့အသင်းပဲဖြစ်လိမ့်မယ်လို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဆက်တိုက်ဖိအားပေးနိုင်ခဲ့သလို အနိုင်ဂိုး ရယူသွားနိုင်မယ့်အသင်းပုံစံမျိုး ဖြစ်နေခဲ့ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။