The network connection is lost.

Banner Image

"အမှားမလုပ်မိဖို့ပဲ အာရုံစိုက်နေတဲ့" စိတ်ဓာတ်မျိုးမထားဖို့ အာဆင်နယ်ကို ဒန်းနစ်ဘားကမ့် သတိပေး

ဂန္ထဝင်တိုက်စစ်မှူး ဒန်းနစ်ဘားကမ့်က အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် အခွင့်အရေးကောင်းနေပေမဲ့ ကစားသမားတွေက အမှားလုပ်မိမှာကို ကြောက်ရွံ့နေတဲ့စိတ်ဝင်လာမှာစိုးရိမ်ရကြောင်း  သတိပေးလိုက်ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်တွေအပြီး အာဆင်နယ်အသင်းက မန်စီးတီးထက် ၆ မှတ် အသာနဲ့ ဦးဆောင်နေပါတယ်။
အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ မတိုင်ခင် ကြားရက်ပွဲစဉ်တွေ ရှိနေတာကြောင့် အာဆင်နယ်က ကြာသပတေးနေ့ ဘရန်ဖို့ဒ်နဲ့ ကစားမယ့်ပွဲမတိုင်ခင် အမှတ်ကွာဟချက်က ၃ မှတ်အထိ ကျဉ်းမြောင်းသွားနိုင်ပါတယ်။
ဒါပေမဲ့ ဘားကမ့်ကတော့ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ဟာ ချန်ပီယံဖြစ်ဖို့အထိ ခရီးဆုံးအောင် သွားနိုင်လောက်တဲ့ အင်အားမျိုး မရှိဘူးလို့ ယူဆထားပါတယ်။
ဘားကမ့်က"အန္တရာယ်ရှိတာကတော့ လူတွေက ပြီးခဲ့တဲ့ ရာသီအနည်းငယ်က (အာဆင်နယ်ရဲ့ ကျရှုံးမှု) အကြောင်းတွေကို ပြန်ပြောလာကြတာပါပဲ။ ကစားသမားတွေက ဒါတွေကို ခေါင်းထဲထည့်လာမယ်၊ ဥပမာ- ကိုယ်တိုင်လည်း အဲဒီအကြောင်းတွေ ထုတ်ပြောလာမယ်ဆိုရင် ကစားသမားတွေ စပြီး စိုးရိမ်စိတ်ဝင်လာပါလိမ့်မယ်။
အာစင်ဝင်းဂါး အမြဲပြောလေ့ရှိတာကို ကျွန်တော် မှတ်မိနေပါတယ်။ 'ပွဲတိုင်းက ဗိုလ်လုပွဲပဲ၊ နောက်လာမယ့်ပွဲကိုပဲ အာရုံစိုက်ပါ' တဲ့။ အခုအချိန်မှာ အဓိကလုပ်ရမှာက အဲဒါပါပဲ။ အခြားအသင်းတွေက အခုအချိန်မှာ သိပ်ပြီး မတောင့်တင်းသေးဘူးလို့ ကျွန်တော် ခံစားရလို့ သိပ်တော့ မစိုးရိမ်ပါဘူး။ မန်စီးတီးကတော့ အနားကို ကပ်လာနိုင်ပါတယ်။ ဒါပေမဲ့ တခြားအသင်းတွေကတော့ သူတို့ကို မှီလိမ့်မယ်လို့ မထင်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့လည်း အမှတ်တွေ ထပ်လျော့ဦးမှာမို့လို့ပါ။ ပွဲကြီးပွဲကောင်းတွေ ကစားဖို့ ကျန်သေးသလို ခက်ခဲတဲ့အချိန်တွေကလည်း မရောက်သေးပါဘူး။ အသင်းအားလုံးက ချန်ပီယံလိဂ်မှာလည်း ကစားနေရတုန်းဆိုတော့ အားလုံးအတွက် ခက်ခဲပါလိမ့်မယ်။"လို့ ပြောခဲ့ပါတယ်။
အာစင်ဝင်းဂါးရဲ့ 'ရှုံးပွဲမရှိ' အသင်းမှာ ပါဝင်ခဲ့ပြီး ပရီမီးယားလိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ဘားကမ့်က "ကျွန်တော် ပြောချင်တာ တစ်ခုကတော့ ပထမပိုင်း လအနည်းငယ်မှာ ပြသခဲ့တဲ့ အရှိန်အဟုန်နဲ့ စိတ်လှုပ်ရှားမှုတွေအကြောင်းပါ။ အခုကြည့်ရတာ တစ်ခါတလေ 'အမှားမလုပ်မိဖို့ပဲ' ကြိုးစားနေသလို ဖြစ်နေပါတယ်။ ဘောလုံးမှာ ထိပ်တန်းရောက်ချင်တယ်၊ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် 'အမှားမလုပ်မိအောင်ပဲ နေမယ်' ဆိုတဲ့ စိတ်ဓာတ်မျိုးအပေါ်မှာပဲ အားကိုးလို့ မရပါဘူး" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။