အသင်းသစ်ရှာဖွေနေတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း လင်ဂတ်ကို ဝက်စ်ဟမ်းအသင်း ခေါ်ယူဖို့ ငြင်းပယ်
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဂျက်ဆီလင်ဂတ်ဟာ အသင်းလက်မဲ့အဖြစ် ကလပ်အသင်းသစ် ရှာဖွေနေသော်လည်း ၎င်းရဲ့အသင်းဟောင်းဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းက ပြန်လည်ခေါ်ယူဖို့ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
လင်ဂတ်ဟာ တောင်ကိုရီးယားကလပ် အက်ဖ်စီဆိုးလ်အသင်းမှာ ကစားခဲ့စဉ် ၆၇ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဥရောပကို ပြန်လာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
၎င်းဟာ ၂၀၂၄ ခုနှစ်မှာ အက်ဖ်စီဆိုးလ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားမှာ နှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။ အတွေ့အကြုံရင့် ကွင်းလယ်လူတွေကို အသင်းအများစုက အသည်းအသန် လိုချင်နေကြပေမဲ့ လင်ဂတ်အတွက်တော့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အသင်းသစ်ရှာဖွေဖို့ ရုန်းကန်နေရတာပါ။
အပြောင်းအရွှေ့ ဈေးကွက်နောက်ဆုံးရက်တွေမှာ လင်ဂတ်ကို ပြန်လည်ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမဲ့ ဝက်စ်ဟမ်းအပါအဝင် ပရီမီယာလိဂ်ကလပ်တွေက ငြင်းပယ်ခဲ့တယ်လို့ တော့ခ်စပေါ့ သတင်းဌာနက ဖော်ပြထားပါတယ်။
ဝက်စ်ဟမ်းနည်းပြ နူနို အက်စပီရီတို ဆန်တိုဟာ လင်ဂတ်ကို ခေါ်ယူမယ့်အစား ဝုလ်ဗ်ကြယ်ပွင့်ဟောင်း အဒါမာ ထရာအိုရေးကို ပေါင် ၂ သန်းတည်းနဲ့ ခေါ်ယူဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လင်ဂတ်ဟာ ဝက်စ်ဟမ်းကို ပြန်ဖို့ သတင်းတွေ အမြဲထွက်ပေါ်ခဲ့ပေမဲ့ အခုအခါ ဆောင်းရာသီဈေးကွက် ပိတ်သွားပြီဖြစ်လို့ အသက် ၃၃ နှစ်အရွယ် ကစားသမားကြီးအတွက် အသင်းဟောင်းဆီ ပြန်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက် ရှိနေပါတယ်။
လက်ရှိမှာတော့ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟောင်းဟာ ဥရောပပြင်ပက အသင်းတွေဆီ ပြောင်းရွှေ့ဖို့ ထပ်မံကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဥရောပပြင်ပက ကလပ်အသင်းတွေမှာတော့ အပြောင်းအရွှေ့ကာလက သီတင်းပတ်အနည်းငယ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
လင်ဂတ်ဟာ အဲလက်စ် အောက်စလိတ် ချမ်ဘာလိန်၊ ရာဟင်း စတာလင်တို့လိုပဲ အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်ကစားသမားတွေနဲ့အတူ အသင်းသစ်ရဖို့အတွက် နွေရာသီအထိ စောင့်ဆိုင်းရမယ့် အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။