တော့တင်ဟမ်ရဲ့နိမ့်ကျနေမှုကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ သောမတ်ဖရန့်ခ်
သောမတ်စ်ဖရန့်ခ်က ဘန်လေနဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ စနေနေ့ပွဲစဉ်အပြီး ရာထူးမှထုတ်ပယ်ပေးဖို့ တောင်းဆိုသံတွေ ပိုမိုကျယ်လောင်လာချိန် ကလပ်အသင်းရဲ့ကံကြမ္မာကို အလှည့်အပြောင်းဖြစ်စေဖို့ အလွန်အမင်းကြိုးစားအားထုတ်နေပါတယ်လို့ တော့တင်ဟမ်ပရိသတ်တွေဆီ ပြောကြားခဲ့ပါတယ်။
ဘန်လေက ဗန်ဒီဗန်ရဲ့ပထမပိုင်းပွဲချိန်အဖွင့်ဂိုးကို တွမ်ဇီဘီ၊ လူစားဝင်ကစားသမားဖော်စတာတို့ရဲ့ဂိုးတွေနဲ့ တုံ့ပြန်ခဲ့ပြီးနောက် တော့တင်ဟမ်အတွက် အသင်းခေါင်းဆောင်ရိုမဲရိုးရဲ့ပွဲချိန်နောက်ဆုံးမိနစ်ခေါင်းတိုက်ဂိုးက ပရီးမီးယားလိဂ်သရေတစ်မှတ်ကို ရရှိစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြားရက်၊ဒေါ့မွန်ကို အိမ်ကွင်းမှာ ၂-၀ ဂိုးဖြင့်အနိုင်ယူကာ ချန်ပီယံလိဂ်အမှတ်ပေးဇယားပဉ္စမနေရာအထိ တက်လှမ်းနိုင်ပြီးနောက် ယမန်နှစ်နွေရာသီ၊ ပိုစတီကိုဂလူရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ သောမတ်စ်ဖရန့်ခ်အတွက် ဖိအားအချို့လျော့ကျသွားခဲ့ပါတယ်။
ဒါပေမဲ့ Turf Moor မှာ ရုန်းကန်နေရတဲ့ဘန်လေနဲ့သရေကျပြီးနောက် သောမတ်စ်ဖရန့်ခ်ကို ရာထူးမှထုတ်ပယ်ပေးဖို့ ရှင်းရှင်းလင်းလင်းတောင်းဆိုလာတဲ့ အဝေးကွင်းပရိသတ်တွေရဲ့ကြွေးကြော်သံတွေ ကြီးကြီးမားမားပေါ်ထွက်လာပါတယ်။
သောမတ်စ်ဖရန့်ခ်က “ ပထမဦးဆုံးအနေနဲ့ ပွဲချိန်တလျှောက်လုံး အသင်းကိုအားပေးရန် ခရီးဝေးထွက်ခွာလာမှုအတွက် ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်းမှာဆိုရင် အသင်းရဲ့တိုးတက်မှုကို ပရိသတ်တွေကိုယ်တိုင်သိရှိပြီး အသိအမှတ်ပြုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။
ဒါပေမဲ့ အဆုံးသတ်အချိန်အထိ ပြေးလွှားတိုက်ပွဲဝင်ခဲ့တဲ့ အသင်းရဲ့စိတ်ဓါတ်နဲ့ စရိုက်လက္ခဏာကိုလည်း ပရိသတ်တွေကိုယ်တိုင် အသိအမှတ်ပြုပေးရပါမယ်။
ကျွန်တော်တို့တွေ ရှေ့ဆက်သွားနေဖို့ပဲ လိုအပ်ပါတယ်။ မှန်ကန်တဲ့အရာတွေအများကြီးကို ကျွန်တော်တို့ လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အရမ်းလွယ်ကူတဲ့အခြေအနေမျိုးမှာ ရှိမနေဘူးဆိုတာ သံသယမဖြစ်လိုက်ပါနဲ့”လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ တော့တင်ဟမ်က တန်းဆင်းဇုန်နဲ့ ရှစ်မှတ်အကွာ၊ အမှတ်ပေးဇယားအဆင့်-၁၄ နေရာမှာ ရပ်တည်နေပါတယ်။
သောမတ်စ်ဖရန့်ခ်က “ တချိန်လုံးလည်း ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့က အရာရာတိုင်းကို မှန်ကန်တဲ့လမ်းကြောင်းဆီ ဦးတည်သွားစေဖို့ အပြင်းအထန်ကြိုးစားအားထုတ်နေပြီး ဒီအတိုင်း ဆက်လုပ်သွားမယ်ဆိုတာ ပရိသတ်တွေဆီ သတင်းစကားပါးချင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
တန်းဆင်းဇုန်လွတ်မြောက်ရေးရုန်းကန်နေတဲ့ ဘန်လေအသင်းနည်းပြစကော့ပါကားကတော့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရချိန် အနိုင်ရလဒ်ဖော်ဆောင်နိုင်ဖို့ ပျက်ကွက်မှုအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။
ပါကားက “ နောက်ကျဂိုးပေးလိုက်ရလို့ စိတ်ပျက်လက်ပျက်ဖြစ်မိတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒီနေ့ပွဲစဉ်မှာ ဦးဆောင်ဂိုးပေးရပြီးနောက် ကျွန်တော်တို့အသင်းရဲ့တုံ့ပြန်ပုံ အလွန်ကောင်းမွန်တယ်လို့ ထင်ပါတယ်။
ပွဲစဉ်ဆီပြန်လာနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က တော့တင်ဟမ်ကို နှာတစ်ဖျားအသာနဲ့ ဦးဆောင်ကစားခဲ့ပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ တန်းဆင်းဇုန်ပြင်ပနေရာနဲ့ ခုနစ်မှတ်အထိကွာဟနေတဲ့ ဘန်လေအတွက် နောက်ဆုံးအနိုင်ရရှိခဲ့တဲ့ပွဲစဉ်က အောက်တိုဘာလအတွင်း အမှတ်ပေးဇယားအောက်ခြေရှိ ဝုဗ်နဲ့ရင်ဆိုင်ရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။
ပါကားက “ သရေရလဒ်တွေကို အနိုင်ရလဒ်တွေအဖြစ် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ လုံးဝမငြင်းဆန်နိုင်ပါဘူး။ ဒီနေ့မှာလည်း အဲ့ဒီလိုမျိုးဖြစ်လာဖို့ မျှော်လင့်ထားခဲ့ပေမယ့် အနည်းငယ်လေး နောက်ကျသွားခဲ့ပါတယ်”လို့ ပြောပါတယ်။
ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းကို မြှင့်တင်ပေးဖို့ အခက်အခဲရှိလာသလားဆိုတဲ့ မေးခွန်းကို ပါကားက “ မရှိပါဘူး၊ ရာနှုန်းပြည့်လုံးဝကိုမရှိတာပါ။
ကျွန်တော်တို့ရောက်ရှိနေတဲ့အခြေအနေနဲ့ ဒီနေ့ပွဲစဉ်ကြည့်ရှုလိုက်သူတွေကိုယ်တိုင် ကျွန်တော်တို့အသင်းကို ယုံကြည်မှုပျောက်ဆုံးပြီး ဇွဲမရှိတဲ့အသင်းတစ်ခုအဖြစ် မမြင်နိုင်ဘူးလို့ ထင်ပါတယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။