The network connection is lost.

Banner Image

အက်စ်ပန်ညိုကို အနိုင်ယူပြီးနောက် ဂျိုအန်ဂါစီယာကို ကျေးဇူးတင်လိုက်တဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က အက်စ်ပန်ညိုကို အနိုင်ယူခဲ့တဲ့ စနေညပိုင်း၊ လာလီဂါပွဲစဉ်အတွက် ဂိုးသမားဂျိုအန်ဂါစီယာကို ကျေးဇူးတင်ရလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။
ဂျိုအန်ဂါစီယာက သူ့အသင်းဟောင်းကို ဘာစီလိုနာတို့ ဝ-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ အထူးလက်စွမ်းပြခဲ့ပြီး ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို လူစားဝင်ကစားသမားဒါနီအိုလ်မိုနဲ့ လီဝန်ဒေါစကီးတို့က သွင်းယူခဲ့ပါတယ်။
ဟန်စီဖလစ်ခ်ကိုယ်တိုင်လည်း သုံးမှတ်အပြည့်ရရှိမှုအတွက် အတော်ကံကောင်းခဲ့တယ်လို့ ယုံကြည်နေပြီး ဒီနိုင်ပွဲအတွက် သူတို့အသင်းဂိုးသမား ဘယ်လောက်အထိအရေးပါခဲ့သလဲဆိုတာကို သိရှိနေခဲ့ပါတယ်။
ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က “ အရိုးသားဆုံးပြောရရင် နိုင်ပွဲနဲ့ ကျွန်တော်တို့အသင်း မထိုက်တန်ပါဘူး။ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်ပြခဲ့တဲ့ ဂျိုအန်ဂါစီယာကို ကျေးဇူးတင်တယ်လို့ပဲ ပြောရပါမယ်။ သူက ကမ္ဘာ့အကောင်းဆုံးဂိုးသမားစာရင်းဝင် ဖြစ်ပါတယ်။
အံ့အားသင့်လောက်စရာကောင်းအောင် သူ ကစားပြခဲ့ပါတယ်။ ဒီမှာကြုံတွေ့ခဲ့ရတဲ့အရာတွေကို သူ ဘယ်တော့မှမေ့ပျောက်နိုင်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ မာနိုလိုက သူ့ဆီ ပွဲကစားဖို့ယုံကြည်မှု ပေးခဲ့ပါတယ်။ အခုတော့ သူက ကျွန်တော်တို့နဲ့အတူ ရှိနေပြီး မယုံကြည်နိုင်လောက်စရာ စွမ်းဆောင်ရည်တစ်ခု ပြသခဲ့ပါပြီ။ ဂျိုအန်ဂါစီယာမှာ ဘောလုံးရာသီကောင်းတစ်ခု ရှိနေပါတယ်။ သူက အခုနိုင်ပွဲအတွက် အဓိကကျသူတွေအနက် တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။
ကျွန်တော်လည်း သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူက အမြဲတမ်းလိုပဲ တည်တည်ငြိမ်ငြိမ်၊ ယုံကြည်မှုနဲ့ အာရုံစူးစိုက်အပြည့်အ၀ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူက အခုလိုအဆင့်အတန်းမျိုးမှာ ကစားနိုင်ခဲ့တာပါ။ ဒီနေ့ပွဲစဉ်ကိုသာ ကြည့်ရှုဖြစ်မယ်ဆိုရင် သူ ဘယ်လောက်အရေးကြီးသလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ဂျိုအန်ဂါစီယာရှိနေတာ ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။
အခုဆိုရင် ဘာစီလိုနာက လာမယ့်ဗုဒ္ဓဟူးနေ့၊ ဘီလ်ဘာအိုနဲ့ရင်ဆိုင်ရမယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်ဆီ အာရုံစိုက်သွားပါလိမ့်မယ်။