The network connection is lost.

Banner Image

ချဲလ်ဆီးတော့ အံ့ဖွယ်နည်းပြတစ်ဦးကို ဆုံးရှုံးလိုက်ရပြီလို့ ဆိုခဲ့တဲ့ ပက်ဂွါဒီယိုလာ

အခုသီတင်းပတ်ကုန်၊ ချဲလ်ဆီးနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီအချိန်မှာ ပက်ဂွါဒီယိုလာအတွက် အားရှိစရာသတင်းတစ်ခုကတော့ ပရော်ဖက်ရှင်နယ်နည်းပြဘဝ၊ ပထမဦးဆုံးပွဲစဉ်ကို ကိုင်တွယ်တော့မယ့် ချဲလ်ဆီးယာယီနည်းပြမက်ဖာလိန်းနဲ့ရင်ဆိုင်ရဖို့ ရှိနေတဲ့အချက် ဖြစ်ပါတယ်။
မက်ဖာလိန်းက ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ အန်ဇိုမာရက်စ်ကာနေရာမှာ အစားထိုးတာဝန်ယူရမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် ပက်ဂွါဒီယိုလာက မနီးလှတဲ့အနာဂတ်ကာလအတွင်း သူ့ရဲ့နေရာမှာ အစားထိုးဖို့ သတင်းကြီးနေတဲ့ အီတာလျံသားနဲ့ပတ်သက်လို့ ပထမဦးဆုံးပြောကြားခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင် ချဲလ်ဆီးတော့ အံ့မခန်းနည်းပြတစ်ဦး၊ အံ့မခန်းပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးခဲ့ရပြီဆိုတာပါပဲ။ ဒါက ချဲလ်ဆီးအသင်းအာဏာပိုင်တွေရဲ့ဆုံးဖြတ်ချက်ဖြစ်လို့ ကျွန်တော့်အတွက် ပြောစရာဘာမှမရှိပါဘူး။ ကျွန်တော်ရောက်ရှိနေတဲ့ကလပ်အသင်းမှာတော့ ကျွန်တော်က ကံအတော်ကောင်းလွန်းပါတယ်။ ကျွန်တော့်ရဲ့ကလပ်အသင်းက အံ့မခန်းပါပဲ။
ခင်ဗျားတို့ရော ကျွန်တော့်ကို အလုပ်ထုတ်စေချင်သလား? ကျွန်တော့်ရဲ့လစာနှုန်းထား အရမ်းမြင့်မားသလို ကျွန်တော့်ရဲ့စာချုပ်သက်တမ်းလည်း တစ်နှစ်ကျော် ကျန်နေပါသေးတယ်”လို့ ပြောပါတယ်။
မာရက်စ်ကာကို သူ့ရဲ့နေရာမှာ အစားထိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး စပိန်သားနည်းပြက “ မသိပါဘူး။ ခင်ဗျားတို့မှာ ကျွန်တော့်ထက်ပိုပြီး သတင်းအချက်အလက်တွေ ရှိမယ်ဆိုတာ သေချာပါတယ်။
ထင်မြင်ချက်လောက်သာပါဝင်တဲ့ ကောလာဟလတစ်ခုအကြောင်း ကျွန်တော်က ဘယ်လိုထပ်ပြောပေးရဦးမှာလဲ? ဒါနဲ့ပတ်သက်လို့ ပြောစရာဘာမှမရှိပါဘူး”လို့ ဆိုပါတယ်။
နောက်ဆုံးအဖြစ် စာချုပ်သက်တမ်းကုန်ဆုံးဖို့နီးကပ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပက်ဂွါဒီယိုလာဆီ မေးခွန်းတွေ ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနည်းပြဟောင်းက မကြာခဏဖြေကြားပေးနေရတဲ့ ဒီမေးခွန်းကို သဘောမကျဘဲ သူ့ရဲ့နေရာမှာ အစားထိုးမယ့်နည်းပြ ဘယ်သူလဲဆိုတာ သိချင်နေတဲ့ မီဒီယာတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ အိုး…ဘုရားသခင်၊ ကျွန်တော့်မှာ စာချုပ်သက်တမ်းရှိနေပါသေးတယ်။ ဒါကိုလည်း အကြိမ်တစ်သန်းလောက် ပြောခဲ့ပြီးပါပြီ။ ဒီကလပ်အသင်းမှာ ဆယ်စုနှစ်တစ်ခုလောက် ကျွန်တော်ရှိနေခဲ့တယ်ဆိုတော့ ခင်ဗျားတို့လည်း ငြီးငွေ့နေပြီဆိုတာ ကျွန်တော်သိပါတယ်။ တစ်နေ့ကျရင် ကျွန်တော်လည်း ထွက်ခွာသွားမယ်ဆိုတာ ခင်ဗျားတို့ကို ကတိပေးပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ စာချုပ်သက်တမ်းရှိနေသေးသလို ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်နေပြီး အသင်းနဲ့အတူ တိုက်ပွဲဝင်ချင်ပါသေးတယ်။ 
ကလပ်အသင်းအကြီးအကဲတွေကိုယ်တိုင် ကျွန်တော့်အပေါ် လေးစားမှုရှိကြပါတယ်။ ဒါကို ပြီးခဲ့တဲ့ဘောလုံးရာသီ၊ သုံးလလောက် နိုင်ပွဲပျောက်ဆုံးခဲ့ချိန်မှာ သက်သေပြခဲ့ပါတယ်”လို့ ပြောပါတယ်။