The network connection is lost.

Banner Image

အခုရာသီ၊ ဥရောပရွှေဖိနပ်ဆုတိုက်ပွဲမှာ စိန်ခေါ်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံလိုက်တဲ့ ဟာလန်း

မန်စီးတီးဂိုးသွင်းစက်ဟာလန်းက ဥရောပရဲ့ထိပ်တန်းဂိုးသွင်းရှင်ပြိုင်ပွဲမှာ ဟယ်ရီကိန်း၊ အမ်ဘာပေတို့ရဲ့ ဖိအားပေးမှုကို ခံစားလာရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မနေ့ညပိုင်း၊ Gtech Community ကွင်းမှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ဟာလန်းက အခုရာသီ၊ သူ့ရဲ့ပရီးမီးယားလိဂ်ကိုးဂိုးမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။
ဥရောပရွှေဖိနပ်ဆုရှင်ပြိုင်ပွဲအတွက် ဟယ်ရီကိန်းနဲ့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုအကြောင်း မေးမြန်းချိန် ဟာလန်းက “ အမ်ဘာပေကိုလည်း မမေ့လိုက်ကြပါနဲ့။ သူ့ရဲ့ဘောလုံးရာသီသစ်စတင်မှုလည်း ကောင်းမွန်နေပါတယ်။ သူတို့နှစ်ဦးလုံး အံ့အားသင့်စရာကောင်းအောင် လုပ်ပြနေတာပါ။ ဒါကြောင့် ဒီပုံစံကောင်းကို ကျွန်တော် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာလုပ်ပြနေတဲ့အရာထက် ပိုကောင်းတဲ့အရာမျိုးကို ကျွန်တော် ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါဘူး။ ဒါက ပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ သက်ဆိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နိုင်တယ်ဆိုပေမဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အရိုးသားဆုံးပြောရရင် ရင်သွေးလေးရရှိတော့မယ့် အခြေအနေတွေက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို ပိုကောင်းအောင် လုပ်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကထက် ဘောလုံးနဲ့ကျွန်တော့်ကို ပိုပြီးအဆက်အသွယ်ပြတ်တောက်စေလို့ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ဒီအကြောင်းတွေးမိရင် ပိုပြီးစိတ်ပူလေ့ရှိပေမဲ့ အခုတော့ အိမ်ပြန်ရောက်ရင် ပိုပြီးတောင် စိတ်အေးလက်အေး ဖြစ်နေပါသေးတယ်။ ကျွန်တော်တော့ ကျွန်တော့်သားလေးကို ဂုဏ်ပြုပေးရမယ်ထင်တာပါပဲ” လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဟယ်ရီကိန်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို အကောင်းဆုံးစတင်ထားနိုင်ပြီး မကြာသေးခင်ကပဲ ဥရောပရဲ့ထိပ်တန်းလိဂ်ငါးခုမှာ ရာပြည့်ဂိုးကို အမြန်ဆုံးသွင်းယူနိုင်တဲ့ကစားသမား(၁၀၄ ပွဲကစား၊ ဂိုး ၁၀၀ သွင်း)အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အလားတူ အမ်ဘာပေကလည်း လာလီဂါပြိုင်ပွဲမှာ သွင်းဂိုးကိုးဂိုးနဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၂)ကစားပြီးချိန် ငါးဂိုး သွင်းယူထားနိုင်ပါတယ်။ လတ်တလောမှာ အမ်ဘာပေက အွန်နရီရဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမားစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။