
ဖရန့်ဖတ်နဲ့ပွဲမှာ ဒဏ်ရာပြဿနာကြုံတွေ့ရပြီးနောက် အခြေအနေကို အသိပေးလာတဲ့ ဟယ်ရီကိန်း
စနေနေ့ညက ဖရန့်ဖတ်ကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဟယ်ရီကိန်းတစ်ယောက် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပြီး ပွဲပြီးကာနီးမှာ လူစားလဲခံခဲ့ရပေမယ့် ပွဲအပြီးမှာ ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။
ကိန်းဟာ ပြိုင်ဘက်ကစားသမား ဆန်းတို့်စ်နဲ့ထိခိုက်မိပြီး ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် ပွဲကစားချိန် ၈၅ မိနစ်မှာလူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ကိန်းအနေနဲ့ ဒဏ်ရာပြဿနာကြုံပြီးရချိန်မှာ ဆက်လက်ကစားဖို့ကြိုးစားခဲ့သေးပေမယ့် နည်းပြဗင်းဆင့်ကွန်ပနီကတော့ စွန့်စားမှုမယူလိုတာကြောင့် နီကိုးလက်စ်ဂျက်ဆန်ကို အစားထိုးထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အင်္ဂလန်အသင်းခေါင်းဆောင်က "ကျွန်တော်အဆင်ပြေပါတယ်။ ဒဏ်ရာက အရိုးကိုထိသွားခဲ့တာပါ။ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက ဒီဒဏ်ရာကို ရထားခဲ့တာပါ ။ဒီနေ့မှာလည်း အဲဒီဒဏ်ရာပဲပြန်ထိခဲ့တာပါ။ ရက်အနည်းငယ်လောက်ဆို အဆင်ပြေသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့မှာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းသွားမှာလားဆိုတဲ့မေးခွန်းကို ကိန်းက "ဟုတ်ပါတယ်။ အင်္ဂါနေ့ ကျွန်တော် အင်္ဂလန်အသင်းမှာရှိနေမှာပါ" လို့ဖြေကြားခဲ့ပါတယ်။
လာမယ့်အောက်တိုဘာလ ၉ ရက်နေ့မှာတော့ အင်္ဂလန်အသင်းဟာ ခြေစမ်းပွဲစဉ်အဖြစ် ဝေးလ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟယ်ရီကန်းတစ်ယောက် ပါဝင်ကစားလာနိုင်မလား စောင့်ကြည့်ရပါမယ်။