The network connection is lost.

Banner Image

လိုင်ယွန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဘောလုံးအားကစားကို ချစ်မြတ်နိုးကြောင်းပြောကြားလာတဲ့ အာမိုရင်

သောကြာနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လိုင်ယွန်ကို Come Back နဲ့အနိုင်ရကာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အခုလိုပွဲစဉ်တွေကြောင့် ဘောလုံးအားကစားကို ချစ်မြတ်နိုးမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ၂-၄ နဲ့ရှုံးနိမ့်နေခဲ့ရာမှ ၅-၄ နဲ့ပြန်လည်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်သို့ ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းအတွက်အလွန်အရေးပါတဲ့အနိုင်ဂိုးကိုတော့ နောက်ခံလူ ဟယ်ရီမက်ဂွါရီက အချိန်ပို ၁၂၀ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ယခုနိုင်ပွဲက သူ့ရဲ့နည်းပြဘဝ အကောင်းဆုံးနိုင်ပွဲဖြစ်သလားလို့မေးမြန်းခဲ့ရာ အာမိုရင်က “ပြောဖို့ခက်ပါတယ်။ ကျွန်တော်တို့သွင်းယူနိုင်ခဲ့တဲ့ နောက်ဆုံး ၂ ဂိုးက အရမ်းကောင်းခဲ့ပါတယ်။ အနာဂတ်မှာ ဒီအကြောင်းကို ပြန်ပြောနေရမှာပါ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ နောက်တစ်ဆင့်အတွက် အာရုံစိုက်ဖို့လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

၂-၄ နဲ့ရှုံးနိမ့်နေချိန်မှာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီလို့ ထင်ခဲ့သလားလို့မေးမြန်းခဲ့ရာ ပေါ်တူဂီသားနည်းပြက “ခက်ခဲသွားမယ်ဆိုတာတော့ သိခဲ့ပါတယ်။ ဒါပေမယ့် ဒီအသင်းနဲ့ ဒီကွင်းထဲမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာတော့ စဉ်းစားမိပါတယ်။ ဒီနေ့က အဲဒီလိုနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဒီဘောလုံးအားကစားကို ချစ်မြတ်နိုးကြတာပါ။ ပွဲပြီးဆုံးချိန်အထိ တည်ငြိမ်နေဖို့လိုပါတယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲအပေါ်မှာ အာရုံအပြည့်အဝစိုက်ထားလို့ ဒီနိုင်ပွဲက ထိုက်တန်တယ်လို့ဆိုရမှာပါ” လို့ဖြေကြားခဲ့ပါတယ်။

မက်ဂွါရီကို တိုက်စစ်မှူးနေရာထားပြီး အသုံးပြုခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က “ဒီလိုအခြေအနေမှာ ပုံမှန်ကစားကွက်နဲ့ ကစားလို့မဖြစ်တော့ပါဘူး။ သူက ပြိုင်ဘက်ဂိုးဧရိယာထဲမှာလည်း ကောင်းကောင်းကစားနိုင်တဲ့ နောက်ခံလူပါ။ အဲဒီအချိန်မှာ သူကတိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။ မတူညီတဲ့အချိန်တွေမှာ အခြေအနေအရ အခုလိုပဲ ပြောင်းလဲကစားနိုင်ဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ စပိန်လာလီဂါကလပ် ဘီလ်ဘာအိုနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။