စုတ်ပြတ်နေတဲ့ခြေစွမ်းနဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်ရှုံးခဲ့ပြန်တဲ့ ယူနိုက်တက်
ယူနိုက်တက် ၀-၂ နယူးကာဆယ်(ပွဲပြီးရလဒ်)
အီဆက်(၃')
ဂျိုလင်တန်(၁၉')
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ပြစ်ဒဏ်နဲ့ မပါဝင်နိုင်တာကြောင့် ယူနိုက်တက်ကအနေနဲ့ ကွင်းလယ်ပိုင်းမှာအတော်လေးရုန်းကန်ခဲ့ရပြီး နယူးကာဆယ်ကို အသာစီးကနေမကစားနိုင်ခဲ့ပါဘူး။ နယူးကာဆယ်ကတော့ ပထမပိုင်းမှာ အတော်လေးခြေစွမ်းကောင်းမွန်ခဲ့ပြီး ပွဲအစမိနစ်တွေမှာပဲ တူညီတဲ့ပုံစံနဲ့ ဦးဆောင်ဂိုးတွေ စောစောစီးစီးသွင်းယူကာ အနိုင်ရလဒ်ကို ပုံဖော်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားတွေအနေနဲ့ ယခုပွဲစဉ်မှာ အတော်လေးယုံကြည်မှုပျောက်ဆုံးနေပုံရပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂိုးပေါက်ကန်သွင်းချက် တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့ကာ အဆိုပါကန်ချက်ကလည်း ဂိုးပေါက်နဲ့လွဲချော်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ယူနိုက်တက်အနေနဲ့ ချေပဂိုးတွေပြန်သွင်းနိုင်ဖို့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေမရခဲ့လို့ ပြိုင်ပွဲစုံ ၄ ပွဲဆက်အရှုံးနဲ့ကြုံတွေ့ခဲ့ရပါတယ်။