ဒဏ်ရာကြောင့် ၁ လ လောက် နားရမယ့် မန်စီးတီးကွင်းလယ်ကစားသမား ကိုဗာဆစ်
ဖော်ပြထားခြင်းမရှိတဲ့ ဒဏ်ရာကြောင့် ကိုဗာဆစ်ဟာ ၁ လ လောက်နားရမယ်လို့ ဂွါဒီယီုလာက ပြောကြားပြီးနောက် မန်စီးတီးရဲ့ ကွင်းလယ်မှာ ပြဿနာတွေများလာတာဖြစ်ပါတယ်။
နိုင်ငံတကာ အားလပ်ရက်ကနေ ကိုဗာဆစ်ဟာ ဒဏ်ရာရရှိပြီး ပြန်လာတာဖြစ်ပါတယ်လို့ ဂွါဒီယိုလာက အတည်ပြုထားပါတယ်။ ကွင်းလယ်ကစားသမားဟာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ပေါ်တူဂီနှင့်ပွဲမှာ ကစားခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် ပထမပိုင်းမှာ လူစားလဲခြင်းခံခဲ့ရတာပါ။
"ခဏလောက် နားရမှာဖြစ်ပြီး ရက်သတ္တပတ် ၃ ပတ် သို့မဟုတ် ၁ လ လောက်ဖြစ်နိုင်ပါတယ်" လို့ ဂွါဒီယိုလာက ပြောပါတယ်။
ACL ဒဏ်ရာကြောင့် ရာသီကုန်အထိနားရမယ့် ပထမဦးစားပေးကွင်းလယ်ကစားသမား ရိုဒရီ မရှိနေချိန်မှာ ကိုဗာဆစ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂန်ဒိုဂန်ကလည်း ကွင်းလယ်ရဲ့နောက်ပိုင်းသို့ ဆင်းပြီး ကစားနေရပါတယ်။
အသင်းရဲ့ခံစစ်အတွက် ဂွါဒီယိုလာအဖို့ သတင်းကောင်းကတော့ ဗဟိုခံစစ်မှူး ၂ ဦးဖြစ်တဲ့ စတုန်းနဲ့ အကန်ဂျီတို့ လေ့ကျင့်ခန်းပြန်ဆင်းနေသလို အကီကလည်း ကစားနိုင်နေတာဖြစ်ပါတယ်။
"သူတို့တွေက မိနစ် ၉၀ ပြည့် ကစားနိုင်မလားဆိုတာ ကျွန်တော် မသိသေးပါဘူး ဒါပေမဲ့ လေ့ကျင့်ရေးက သူတို့ရဲ့မျက်နှာအမူအရာတွေကတော့ ကောင်းပါတယ်" လို့ နည်းပြက ပြောပါတယ်။
မန်စီးတီးဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ရှုံးနိမ့်ထားပြီး နောက်ထပ်ပွဲစဉ်ကတော့ စနေနေ့မှာ တော့တင်ဟမ်နှင့် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ လီဗာပူးရဲ့နောက် ၅ မှတ်အကွာဖြင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။