အသင်းဖော် လာမိုင်းယာမယ်လ်အတွက် အခက်ခဲဆုံးစိန်ခေါ်မှုကို ထုတ်ဖော်ပြောကြားလာတဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက သူဟာ အသင်းဖော် ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ကို သူ့ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး အမြဲလိုလို အကြံဉာဏ်တွေ ပေးလေ့ကြောင်းနဲ့ စပိန်သားအတွက် အခက်ခဲဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲဆိုတာ ပြောကြားလာခဲ့ပါတယ်။
အသက်-၁၇ နှစ်အရွယ် ယာမယ်လ်ဟာ ဘာစီလိုနာအသင်းအတွက်သာမက စပိန်လက်ရွေးစင်အသင်းအတွက်ပါ အလွန်အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုချန်ပီယံရှစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ဒီရာသီ ပြိုင်ပွဲစုံမှာ ကတ်တလန်အသင်းအတွက် ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။
လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ဖလားအပြင် ဘွန်ဒက်စ်လီဂါဖလားကို ၁၀ ကြိမ်အထိ ဆွတ်ခူးရရှိထားတဲ့ အသက်-၃၆ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး လက်ရှိဘာစီလိုနာမှာ အတွေ့အကြုံအရရော အသက်အရွယ်အရပါ အမြင့်မားဆုံးစွမ်းဆောင်ထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ယခုအခါမှတော့ ပိုလန်အသင်းခေါင်းဆောင်ဟာ လာမိုင်းယာမယ်လ်ကြုံတွေ့သွားရမယ့် စိန်ခေါ်မှုတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပြီး သူ့အနေနဲ့ တတ်နိုင်သလောက် ကူညီနေတယ်လို့လည်းဆိုပါတယ်။
လီဝန်ဒေါစကီးက “ကျွန်တော့်အနေနဲ့ သူ့ကို အကြံဉာဏ်တွေပေးဖို့ အမြဲတမ်းကြိုးစားပါတယ်။ တစ်ဖက်မှာ သူကလည်း သူက အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပြီး မယုံနိုင်လောက်အောင် ထက်မြက်တဲ့ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။ ဒါပေမယ့် သူသိထားရမှာက သူ့အတွက် အကြီးမားဆုံးစိန်ခေါ်မှုက အခုလက်ရှိပုံစံကို တသမတ်တည်း ထိန်းသိမ်းသွားနိုင်ဖို့ဆိုတာပါပဲ။ ကျွန်တော်အခုပြောနေတာ လာမယ့် ၂ နှစ် ၃ နှစ်အတွင်း ဖြစ်လာမယ့်အကြောင်းတွေမဟုတ်ပါဘူး။ နောက်ထပ် ၁၀ နှစ်လောက်အထိ ခြေစွမ်းထိန်းသိမ်းဖို့အကြောင်းပြောနေတာပါ။ သူ့အသက် ၂၈-၂၉ လောက်မှာ ဒီလိုခြေစွမ်းမျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ ဒါကပဲ သူ့ရဲ့ကစားသမားဘဝအတွက် အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်မှာပါ” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ လီဝန်ဒေါစကီးနဲ့ ယာမယ်လ်တို့ဟာ ယခုလအစောပိုင်းမှာ ဒဏ်ရာပြဿနာအသီးသီးကြုံတွေ့ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ နိုင်ငံအသင်းတွေရဲ့ လူစာရင်းကနေ အသီးသီးနုတ်ထွက်ထားခဲ့ကြပါတယ်။ လီဝန်ဒေါစကီးက မကြာသေးမီမှာပဲ ပြန်ကစားနိုင်မှာဖြစ်ပေမယ့် စပိန်ကြယ်ပွင့်ကတော့ လာမယ့် ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်ကို လွဲချော်သွားဖို့များနေပါတယ်။