The network connection is lost.

ဝှိုက်ဘုတ်ပေါ်က စာတွေကို ဖျက်ပစ်လိုက်ပါ...

လင်ဂတ်ပြောတဲ့ သူ့ဘဝ၊ သူ့ဇာတ်ကြောင်း (ဇာတ်သိမ်းပိုင်း)
===============================
နောက်ဆုံးမှာ အပြောင်းအရွှေ့ဖြစ်ပေါ်သွားတော့ ကျွန်တော်လည်း လန်းဆန်းမှုအပြည့်နဲ့ စတင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ တကယ်လို့ ဆေးစစ်ဆေးမှုသာ အချိန်မီပြီးခဲ့ရင် ကျွန်တော်လည်း စာချုပ်ချုပ်ဆိုအပြီး ၂ရက်အကြာကစားရမယ့် လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့မှာပါ။ ကျွန်တော်က အဲဒီပွဲအတွက် အသင့်ဖြစ်နေတာဗျ။ ဝက်စ်ဟမ်းမှာ တစ်ခါတည်းအံဝင်နိုင်လိမ့်မယ်လို့လည်း ခံစားနေရပါတယ်။ ဝက်စ်ဟမ်းအသင်းသားတွေက ကျွန်တော် နေရာသစ်မှာ အလွယ်လေးအထိုင်ကျအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အသင်းကို ကျွန်တော်စရောက်တော့ Group Chat ထဲ ကျွန်တော့်ကိုလည်း ထည့်ပေးပါလို့ ပြောလိုက်ပါတယ်။

အဲဒီမှာ ဒက်ကလန်ရိုက်စ်၊ အာရွန်ခရက်စ်ဝဲလ်နဲ့ နိုဘယ်တို့က တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ ဖရက်ဒရစ်ဆိုရင် ''မင်း လုပ်ခဲ့တာတွေက ယုံနိုင်စရာတောင်မရှိဘူး''လို့ အားပေးစကားပြောပါတယ်။ အဲဒီမှာ ကျွန်တော်လည်း ''ကျွန်တော် ဘာတွေများလုပ်ခဲ့လို့လဲ''လို့ ပြန်ပြောရပါတယ်။ စိတ်ထဲမှာလည်း သူ နောက်နေတာလားလို့ထင်မိသွားပါတယ်။ တကယ်တော့ သူ တကယ်ပြောနေတာဗျ။ နိုဘယ်လည်း အဲဒီအတိုင်းပဲ။ နည်းပြကြီး မိုယက်စ်က ''မင်းက တို့ရဲ့ Golden Boy ပဲ''လို့ ခရီးဦးကြိုပြုပါတယ်။ နိုဘယ်က အဝတ်လဲခန်းမှာ ကျွန်တော့်ဘေးနား ကျပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးအဝေးကွင်းပွဲစဉ်တွေထဲက တစ်ပွဲကို အခုထိ မှတ်မိနေသေးတယ်။

အဝေးကွင်းပွဲကစားဖို့ လေဆိပ်ကိုအသွား သူ့ကားထဲမှာ ကျွန်တော်က နောက်ခန်းမှာ ထိုင်လိုက်လာတာပေါ့။ ကားထဲမှာ နိုဘယ်ရယ်၊ ကျွန်တော်ရက် ခရက်စ်ဝဲလ်ရယ်ပဲ ပါလာတာ။ ချက်ချင်းဆိုသလိုပဲ ကျွန်တော့်ဖုန်းက ထမြည်လာတယ်။ ဒါပေမဲ့ နိုဘယ်ကတော့ အနောက်လှည့်လာပြီး ''ဖုန်းပြောလို့မရဘူးနော်။ ဒီမှာ ငါတို့ စကားပြောနေကြတယ်''လို့ ပြောပါတယ်။

ကျွန်တော်လည်း အိုကေပေါ့။ လေယာဉ်ပေါ်ရောက်တော့ ကျွန်တော်က ပုံမှန်အားဖြင့် နားကြပ်တပ်ပြီး သီချင်းနားထောင်လေ့ရှိပါတယ်။ ဒါပေမဲ့ နိုဘယ်နဲ့ အသင်းဖော်အားလုံးကတော့ အဲဒီလိုမဟုတ်ဘူးဗျ။ ဒါမျိုးက ဝက်စ်ဟမ်းမှာ ဘယ်နေရာသွားသွား တွေ့ရတဲ့အရာမျိုးဗျ။ သူတို့က အချင်းချင်းစကားပြောနေတာပဲများတယ်။ ဖုန်းတွေပြောမနေဘူး။ ဆိုရှယ်မီဒီယာပေါ် တက်မနေဘူး။ ညစာစားပြီဆိုရင်လည်း ကလေးတွေလိုပဲ စကားတစ်ပြောပြောနဲ့ စားတာဗျ။ ဒါက အသင်းတစ်သင်းအနေနဲ့ ရင်းနှီးကျွမ်းဝင်လာဖို့ အကူအညီဖြစ်တယ်ဗျ။

ကျွန်တော့်အတွက်လည်း အများကြီး အကူအညီဖြစ်ပါတယ်။ အဲဒီလတွေအတွက ကျွန်တော့်ကို ပြောင်းလဲစေခဲ့တဲ့ နောက်ထပ်အစိတ်အပိုင်းတစ်ခုလည်း ရှိတယ်ဗျ။ ဒါကလည်း လူဝီကြောင့်ပါ။ လန်ဒန်ကို ကျွန်တော် ပြောင်းလာတော့ လူဝီ လုပ်တဲ့ ပထမဆုံးအရာကတော့ ကျွန်တော်တို့အခန်းမှာ ဝှိုက်ဘုတ်နှစ်ခု တပ်လိုက်တာပဲဗျ။ ဝှိုက်ဘုတ်တွေ သူဝယ်လာတော့ ကျွန်တော်လည်း ဘာလုပ်ဖို့လဲဆိုပြီး မေးရတာပေါ့ ။''ဒီတစ်ခုက ပစ်မှတ်တွေ မှတ်ဖို့၊ နောက်တစ်ခုကျတော့ Motivation ဖြစ်ဖို့အတွက်''ဆိုပြီး ပြောပါတယ်။

ဝှိုက်ဘုတ်နှစ်ခုအနက် ဘယ်ဘက်ဝှိုက်ဘုတ်မှာ ကျွန်တော့်ရဲ့သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ ကန်သွင်းချက်တွေ၊ တစ်ဦးချင်းကျော်ဖြတ်မှုတွေ အားလုံးရေးမှတ်ထားပါတယ်။ ညာဘက်အခြမ်းက ဝှိုက်ဘုတ်မှာတော့ တွန်းအားဖြစ်စေနိုင်တဲ့ စာတွေ၊ အဆိုအမိန့်တွေ၊ အကြောင်းအရာတွေ မှတ်ထားတာပေါ့ဗျာ။ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် သူက ကျွန်တော့်အတွက် ပစ်မှတ်တွေ ချရေးပေးပါတယ်။ သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ် ဆိုပြီးတော့ပေါ့။ ကျွန်တော်လည်း ''နည်းသေးတယ်။ ၈ဂိုး၊ ၉ဂိုးလောက် ထားလိုက်ပါလား''လို့ အထွန့်တက်ပါတ်ယ။ သူကတော့ ''ငါ့ညီရေ အဲဒီလိုဆိုရင် အရမ်းမြင့်သွားလိမ့်မယ်။ မင်းလည်း ပစ်မှတ်တွေထိမှာမဟုတ်ဘူး''လို့ ပြန်ပြောပါတယ်။

ဒီတော့ ကျွန်တော်တို့လည်း သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်ကို ပစ်မှတ်တွေအဖြစ် ထားလိုက်ကြတယ်။ ကျွန်တော်လည်း အဲဒီ၂ခုစလုံး ရောက်အောင် လုပ်နိုင်ခဲ့တယ်။ နောက်တော့ လူဝီက ''ကောင်းပြီ။ သွင်းဂိုး ၆ဂိုး၊ ဂိုးဖန်တီးမှု ၄ကြိမ်''ဆိုပြီး ပစ်မှတ်တွေကို ထပ်မြှင့်လိုက်တယ်။ ကျွန်တော်လည်း ရအောင် လုပ်ပြခဲ့တယ်။ အဆိုအမိန့်တွေကလည်း အတော်လေးအလုပ်ဖြစ်တယ်ဗျ။ ကျွန်တော့်အတွက် လိုအပ်သမျှအရာအားလုံးက ဝှိုက်ဘုတ်၂ခုပေါ်မှာ ရှိခဲ့ပါတယ်။ ပြီးတော့ ပစ်မှတ်စာရင်းထဲမှာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုတွေပါ ထည့်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ကျွန်တော်ပါလာတော့ ''တို့တွေ ဘာလုပ်သင့်လဲ။ ဝှိုက်ဘုတ်မှာ ထပ်ထည့်လိုက်ရမလား''လို့ ပြောဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ကျွန်တော်လည်း ဖေဖော်ဝါရီ၊ မတ်လနဲ့ ဧပြီလတို့အတွက် ဆန်ခါတင်စာရင်းမှာ ၃လဆက် ပါဝင်ခဲ့ပါတယ်။ အရင်တုန်းက ဆန်ခါတင်စာရင်း ဝင်ခဲ့ဖူးပေမယ့် တစ်ခါမှတော့ အရွေးမခံခဲ့ရဖူးပါဘူး။ မတ်လမှာ အကောင်းဆုံးဆုရဖို့ အရမ်းနီးစပ်ခဲ့ပေမယ့် အီဟီယာနာချိုက ဟက်ထရစ်သွင်းပြီး ဆုရသွားတယ်။ သူလည်း ထိုက်တန်ပါတယ်။ အရိုးသားဆုံးပြောရရင် ဧပြီလရောက်တော့ အဲဒီအကြောင်း မေ့နေခဲ့ပါတယ်။ အဲဒီနောက် ဝက်စ်ဟမ်းအသင်းရဲ့မီဒီယာအရာရှိတစ်ဦးက ''မင်း အကောင်းဆုံးဆုရော အကောင်းဆုံးသွင်းဂိုးဆုရော ရတယ်ဟေ့''လို့ သတင်းကောင်းပါးလာပါတယ်။ ကျွန်တော်လည်း လူဝီဆီ တန်းပြေးသွားပြီး မိသားစုဝင်တွေကိုလည်း အသိပေးလိုက်ပါတယ်။

သူတို့လည်း အရမ်းပျော်သွားတာပေါ့ဗျာ။ အဲဒီနောက် ဝှိုက်ဘုတ်မှာ ပစ်မှတ်အသစ်တွေ ထပ်ရေးတာပေါ့။ အင်တာဗျူးတစ်ခုမှာ ဘရူနိုဖာနန်ဒက်စ်က ကျွန်တော့်ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားလို့ သတ်မှတ်လိုက်တော့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဝက်စ်ဟမ်းမှာ ကျွန်တော် အငှားကစားနေတဲ့တစ်လျှောက်လုံး သူက မက်ဆေ့ချ်တွေ ပေးပို့ရင်း ကျွန်တော့်ကို အမြဲတမ်းအားပေးခဲ့တာပါ။ သူ့လိုအနေအထားမျိုးနဲ့ ဒီလိုချီးကျူးခံရတာက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာပါပဲ။

ဂျက်ဆီလင်ဂတ်အဟောင်းကို ဗားရှင်းမြှင့်လိုက်တဲ့သဘောပေ့ါ။ ယူနိုက်တက်ကို ကျွန်တော် ပြန်ရောက်လာတော့ အရင်တုန်းကနဲ့မတူတဲ့ လင်ဂတ်ဖြစ်လာပါတယ်။ ပိုမိုရင့်ကျက်လာသလို ယုံကြည်မှုလည်း ပိုရှိလာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ပိုရှိလာပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော့်ရဲ့အောင်မြင်မှုတွေအတွက် မိုယက်စ်နဲ့ ဝက်စ်ဟမ်းအသင်းသားတွေကို အသိအမှတ်ပြုရမှာပါ။

ဒီရာသီနဲ့ပတ်သက်လို့လည်း ကျွန်တော် အရမ်းကိုစိတ်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော် ဘာတွေလုပ်နိုင်လဲဆိုတာ တကယ်ပဲသက်သေပြချင်ခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်၊ လအနည်းငယ်ပဲ ခြေစွမ်းပြနိုင်တဲ့ ကစားသမားမျိုးမဖြစ်ချင်ဘဲ တစ်ရာသီ ပွဲ ၃၀ ကျော်လောက်ကစားခွင့်ရပြီး ဂိုးတွေအများကြီးသွင်းနိုင်တယ်ဆိုတာ သက်သေပြချင်ခဲ့တာပါ။ အင်္ဂလန်အသင်းအတွက်လည်း ဒီအတိုင်းပဲပေါ့ဗျာ။ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရတော့ ကျွန်တော် အရမ်းကိုဂုဏ်ယူမိပါတယ်။ ပြီးတော့ အန်ဒိုရာနဲ့ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့လို့လည်း အရမ်းပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီထက်အများကြီးပိုခြေစွမ်းပြချင်ပါသေးတယ်။

အခုဆိုရင် ကွာရန်တင်းဝင်စရာလည်းမလိုတော့ဘူး။ ဒဏ်ရာရတာလည်းမရှိတော့ဘူး။ ကျွန်တော့်အတွက်တော့ လန်းဆန်းတဲ့ဘဝပြန်စမှုလို့ပဲ ပြောရမှာပါ။ လူဝီကလည်း အခုချိန်အထိ ကျွန်တော့်ရဲ့ ပါဆင်နယ်နည်းပြအဖြစ် ရှိနေတုန်းပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော့်အတွက် သူ့ဘက်က အဆင်သင့်ရှိနေတတ်ပါတယ်။ ကျွန်တော့်ကို စစ်မှန်တဲ့လင်ဂတ်ပြန်ဖြစ်အောင် ကူညီပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို။ အခုဆိုရင် ဝှိုက်ဘုတ်ပေါ်က စာတွေကို ဖျက်လိုက်ပါပြီ။ အခုဆိုရင် ပစ်မှတ်အသစ်တွေ ထပ်ရေးထားပါပြီ။