The network connection is lost.

ဝှိုက်ဘုတ်ပေါ်က စာတွေကို ဖျက်ပစ်လိုက်ပါ...

လင်ဂတ်ပြောတဲ့ သူ့ဘဝ၊ သူ့ဇာတ်ကြောင်း (အပိုင်း-၂)
===============================
အဲဒီအချိန်တုန်းက ယူနိုက်တက်အသင်းကို ကိုင်တွယ်နေတာ မော်ရင်ဟိုလေ။ မော်ရင်ဟိုက သူ့ကစားသမားတွေ ဒဏ်ရာရတာ လုံးဝမကြိုက်ဘူးဗျ။ ဒဏ်ရာရသွားတဲ့အကြောင်းလည်း မသိချင်ဘူး။ ကျွန်တော်ကလည်း ''ဒါက ကျွန်တော့်အမှားမဟုတ်ဘူးဘော့စ်''လို့ ပြန်ပြောပါတယ်။ ကျွန်တော်နဲ့ ဟိုဆေးက ဆက်ဆံရေးကောင်းတွေ ရှိခဲ့တယ်ဗျ။

ကျွန်တော့်အပေါ်လည်း အရမ်းကောင်းတယ်။ ဒဏ်ရာမရခင်တုန်းကဆို ကျွန်တော့်ကို လုံးဝယုံကြည်တယ်။ အရေးကြီးပွဲတွေမှာ ကျွန်တော့်ကို ပွဲထွက်ခွင့်ပေးတယ်။ ကျွန်တော်တို့ ဆုဖလားတွေရခဲ့ပြီး သူက ကျွန်တော့်ကို Winner တစ်ဦးအဖြစ် အသက်သွင်းပေးနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုက ကစားသမားတွေနဲ့လည်း ပါဆင်နယ်ပိုင်း ဆက်သွယ်မှုတွေလုပ်လေ့ရှိတယ်။ တစ်ခါတလေ ကျွန်တော့်ကို FaceTime ကနေ ခေါ်တတ်သေးတယ်။ အစပိုင်းမှာတော့ ကျွန်တော်လည်း ထူးဆန်းသွားတာပေါ့။

သူက FaceTime ကနေ ခေါ်ပြီး ''ဟေး ဂျက်ဆီ...ဘာတွေလုပ်နေလဲ''လို့ မေးတတ်ပါတယ်။ ကျွန်တော်လည်း ''TV ထိုင်ကြည့်နေတာဗျ။ ဆရာရော ဘာတွေလုပ်နေလဲ''လို့ ပြန်ပြောပါတယ်။ သူနဲ့ အဲဒီလိုပြောရတာ ပျော်စရာကောင်းတယ်ဗျ။ ပြီးတော့ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ကို သူဘယ်လောက် ဂရုစိုက်လဲဆိုတာလည်း ဒါကို ကြည့်ခြင်းာအးဖြင့် သိနိုင်တယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေက တကယ့်ကိုခက်ခဲကြမ်းတမ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒဏ်ရာပြဿနာတွေကို မကြိုက်တဲ့နည်းပြလေ။ အဲဒီအချိန်ကစပြီး ကျွန်တော်လည်း ကိုယ်ရောက်ခဲ့ဖူးတဲ့အနေအထားမျိုး ပြန်မရောက်နိုင်တော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာရော နောက်ဆုံး စိတ်ပိုင်းဆိုင်ရာပါ ချုံးချုံးကျသွားပါတယ်။

ပြီးတော့ အဲဒီအချိန်မှာပဲ ကွင်းပြင်ပပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး အမေက စိတ်ကျရောဂါခံစားခဲ့ရပါတယ်။ ဒီအကြောင်းကို အရင်တုန်းကလည်း ပြောဖူးပါတယ်။ အခုပြောနေတဲ့အကြောင်းမှာ အမေ့ရဲ့ကျန်းမာရေးကိစ္စက အဓိကမကျပေမယ့် ကျွန်တော့်ကိုတော့ ္ဂရိုက်ခတ်မှုရှိတယ်ဗျ။ တခြားလူမှမဟုတ်တာ အမေလေဗျာ။ ပွဲမကစားရတာတွေက ကျွန်တော့်ကို ပိုဆိုးစေခဲ့ပါတယ်။

နောက်ဆုံးတော့ ကျွန်တော်ပြန်ကစားနိုင်ခဲ့တဲ့အချိန်မှာ ကျွန်တော်က ကျွန်တော်မဟုတ်တော့သလိုပဲဗျ။ ကျွန်တော့်မိသားစုက ကျွန်တော်ကစားတဲ့ပွဲတွေကို လာတုန်းပဲ။ ဒါပေမဲ့ သူတို့ ကျွန်တော်ကစားတာကိုတောင် မကြည့်နိုင်တော့ဘူး။ ''ဒါက မင်းမဟုတ်ဘူး''လို့လည်း ကျွန်တော့်ကို ပြောပါတယ်။

ဘောလုံးပွဲတွေက ကျွန်တော် အဲဒီမှာမရှိတဲ့ပုံစံမျိုးနဲ့ ဖြတ်သန်းသွားပါတယ်။ ပြောရရင် တစ္ဆေ၊ သရဲတွေလိုပေါ့ဗျာ။ တစ်ရက် ဖာနန်ဒက်စ် ကျွန်တော့်ဆီ လာပြီး ''ဒီနေ့မှာတော့ ငါသိခဲ့တဲ့ ဂျက်ဆီကို ပြန်မြင်ချင်တယ်ကွာ''လို့ ပြောခဲ့တာကို မှတ်မိနေသေးတယ်။ အဲဒီမှာ ကျွန်တော့်စိတ်ထဲ ''သူငယ်ချင်းရယ်...အဲဒါက ငါမှမဟုတ်တာ။ ဒီတော့ ဘယ်လိုလုပ်တတ်နိုင်မှာလဲ''လို့ ပြန်ပြောမိခဲ့ပါတယ်။

ဘောလုံးအားကစားနည်းကို ကျွန်တော် အရမ်းချစ်မြတ်နိုးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒီထက်ပိုပြီး ဘာမှထပ်မလုပ်နိုင်တော့ဘူးဆိုတဲ့အတွေး ဝင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ Personal Life မှာဆိုရင်လည်း ဖုန်းထဲမှာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး မီးရှို့လိုက်တယ်။ လူတွေက စကားစမြည်ပြောလာရင်လည်း နားမထောင်တော့ဘူး။ အရာအားလုံးက Emotion အရမ်းဆန်ပြီး ဖိအားတွေလည်း အရမ်းများခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ မီဒီယာတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ကျွန်တော်ဟာ တစ်နှစ်ခွဲအတွင်းမှာပဲ အမြင့်ဆုံးအဆင့်ရောက်ခဲ့သလို အနိမ့်ဆုံးအဆင့်လည်း ရောက်ခဲ့ပါတယ်။

အဲဒီလိုနဲ့ လော့ခ်ဒေါင်းတွေ ရောက်လာတော့ တခြားလူတွေအတွက် ကသိကအောက်နိုင်ခဲ့ပေမယ့် ကျွန်တော့်အတွက်တော့ ကောင်းသွားတယ်ဗျ။ အဲဒီမှာ ချက်ချင်းဆိုသလိုပဲ ကျွန်တော်ဟာ Reset ခလုတ်ကို ပြန်နှိပ်ကို အခွင့်အရေးရလာပါတယ်။ အဲဒီမှာ ကျွန်တော့်အစ်ကို လူဝီရဲ့အခန်းကဏ္ဍ ရောက်လာပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ အမြဲတမ်းနီးနီးကပ်ကပ်ရှိနေခဲ့ပြီး သူက ကျွန်တော့်ကို အမြဲကြည့်ရှုပေးခဲ့တာပါ။ တခြားအစ်ကိုတွေလိုပဲပေါ့ဗျာ။ သူဟာ ကျွန်တော်ငယ်ငယ်လေးကတည်းက ကျွန်တော့်ရဲ့အလားအလာတွေကို သိမြင်ခဲ့တယ်။

သူဟာ ကျွန်တော့်ကို  အကြံဉာဏ်တွေအမြဲပေးလေ့ရှိပြီး တွန်းအားလည်း အမြဲပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုမှာ သူက တကယ့်ကိုထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။ လူဝီက ကျွန်တော့်ကို ဘယ်တော့မှလက်လွှတ်အဆုံးရှုံးမခံခဲ့ပါဘူး။ လော့ခ်ဒေါင်းကာလမှာ ကျွန်တော် စိတ်ဓာတ်ကျအားငယ်နေပြီဆိုရင် သူက ကျွန်တော်ဂိုးသွင်းနေတာတွေ၊ ကမ္ဘာ့ဖလားမှာ ကစားနေတာတွေ၊ ဆုဖလားတွေကိုင်မြှောက်နေတဲ့ ဗီဒီယိုဖိုင်တွေ ပို့ပေးတတ်ပါတယ်။

ပြီးတော့ ''မင်းဘာလုပ်နိုင်လဲဆိုတာ ကြည့်လိုက်ညီလေး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စမ်းပါကွာ။ ငါ့ညီက ကမ္ဘာ့အဆင့်ကစားသမားလေ''လို့လည်း စာရေးသားတတ်ပါတယ်။
သူက ကျွန်တော့်ဆီ ဗီဒီယိုဖိုင်တွေ၊ စာတွေ အများကြီးပို့တာဗျ။ ဒီလိုအများကြီးပို့တော့ ကျွန်တော်လည်း စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ယုံကြည်မှုရှိလာပါတယ်။ ''ငါက ကစားသမားကောင်း တစ်ယောက်ဖြစ်နေတုန်းလား''လို့လည်း ပြန်မေးမိလာပါတယ်။ အဲဒါနဲ့ လော့ခ်ဒေါင်းကာလမှာ ကိုယ့်ကိုယ်ကိုယ် Fit ဖြစ်နေအောင် ထိန်းသိမ်းနေထိုင်ခဲ့ပြီး အဲဒီလိုကိုယ်ကာယလုပ်တဲ့အချိန်မှာ အစ်ကိုက ကျွန်တော့်အတွက် ပစ်မှတ်တွေ ထားပေးတယ်။ အဲဒီမှာ သူက ''မင်းသာ အငှားထွက်ကစားရရင် အရင်လိုပြန်ဖြစ်လာလိမ့်မယ်''လို့ ပြောလာပါတယ်။

အဲဒီနောက် ကျွန်တော်လည်း အိုလီနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ အိုလီက မန်နေဂျာတစ်ယောက်သာမဟုတ်ဘူး။ ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်လိုပါပဲ။ သူ့ကို ကျွန်တော်သိလာတာလည်း ကြာပြီလေ။ အရန်အသင်းမှာ သူက ကျွန်တော့်ကို  ပထမဆုံးပွဲထွက်ခွင့်ပေးခဲ့သူလေ။ ''တစ်ခုခုလိုတာနဲ့ ငါ့အခန်းတံခါးကို လာခေါက်ကွာ''လို့လည်း အိုလီက အမြဲပြောတတ်ပါတယ်။ အဲဒီနောက် ကျွန်တော်လည်း ဖြစ်ပျက်နေတာတွေအကုန်လုံး သူနဲ့ ပြောဖြစ်ပါတယ်။ အဲဒီမှာ အိုလီက ''ငါတို့အသင်းဆီ မင်း အမြန်ဆုံးပြန်လာနိုင်ဖို့ ဆုတောင်းပါတယ်''လို့ ပြောပြီး ခွင့်ပြုခဲ့ပါတယ်။

အဲဒီလိုပြောပြီး သူက ''ဒီအကြောင်းကို စောစောစီးစီး လာမပြောရတာလဲ''လို့ ပြန်မေးပါတယ်။ အဲဒီအချိန်က ပြီးခဲ့တဲ့ရာသီဝက်ကာလပေါ့ဗျာ။ အိုလီက ကျွန်တော့်ကို အသင်းမှာ ဆက်ကစားပြီး အသင်းကို အကူအညီပေးချင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့အနေအထားအရ အသင်းပြောင်းဖို့ လိုအပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ပတ်ဝန်းကျင်အသစ်လိုအပ်သလို ပုံမှန်ပွဲထွက်ခွင့်ရဖို့လည်း လိုအပ်နေတယ်လေ။ ကျွန်တော့်ကို အခွင့်အရေးပေးမယ့် အသင်းပဲ လိုချင်ခဲ့တာပါ။ အဲဒီနောက် ဆောင်းဈေးကွက်မှာ နောက်ဆုံးနေ့ရောက်လာရော။

အဲဒီအချိန်မှာ ဝက်စ်ဟမ်းက ကျွန်တော့်ကို ခေါ်ချင်နေတယ်လို့ သတင်းထွက်လာပြီး အချိန်ကလည်း ဈေးကွက်ပိတ်ဖို့ ဘယ်လောက်မှမလိုတော့ဘူး။ အငှားနဲ့ထွက်ဖို့ ဆွေးနွေးတယ်၊ ပြီးတော့ မဖြစ်မြောက်ဘူး။ ပြန်ဆွေးနွေးတယ်။ ကျွန်တော်လည်း ရိုလာကိုစတာစီးသလိုပဲ ခံစားချက်တွေ နိမ့်လိုက်၊ မြင့်လိုက်နဲ့ပေါ့ဗျာ။