ဘာစီလိုနာရဲ့ ဆယ်ကျော်သက်ကစားသမားတွေဖြစ်တဲ့ ယာမယ်နဲ့ ကူဘာဆီတို့ရဲ့အတွဲအဖက်ကို ချီးကျူးပြောဆိုလိုက်တဲ့ ဇာဗီ
ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က မာယော့ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းရဲ့ဆယ်ကျော်သက်ကစားသမားတွေဖြစ်တဲ့ လာမိုင်းယာမယ်နဲ့ ပေါကူဘာဆီတို့ရဲ့ အတွဲအဖက်ကို အံ့မခန်းကစားသမားတွေဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ဘာစီလိုနာဟာ ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ယာမယ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့အတူ ရမှတ် ၃ မှတ်အပြည့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်-၁၆ နှစ်အရွယ်သာရှိသေးတဲ့ ယာမယ်ဟာ လာမယ့်ဇူလိုင်လရောက်မှသာ ၁၇ နှစ်ပြည့်မှာဖြစ်သော်လည်း ဘာစီလိုနာတွက် အရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်ထားနိုင်ပြီး ဒီရာသီမှာ လာလီဂါသွင်းဂိုး ၄ ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ ၆ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
ယခုပွဲစဉ်မှာတော့ ယာမယ်လ်သာမက နောက်ထပ် လာမာစီယာထုတ်ကုန်တစ်ဦးဖြစ်တဲ့ နောက်ခံလူ ကူဘာဆီကလည်း စွမ်းဆောင်ရည်ကောင်းကိုပြသနိုင်ခဲ့ပြီး ဒီရာသီဘာစီလိုနာရဲ့ တတိယမြောက် လာလီဂါ clean sheet ကိုပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ အသက်-၁၇ နှစ်အရွယ် ကူဘာဆီအတွက် ၇ ပွဲမြောက်လာလီဂါပွဲစဉ်လည်းဖြစ်ပါတယ်။
ယခုအခါမှတော့ ဇာဗီက အဆိုပါကစားသမား ၂ ယောက်နဲ့ အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုတွေကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ကစားသမား ၂ ဦးရဲ့ပေါင်းစပ်တိုးတက်မှုကို ဆက်လက်မြင်တွေ့ရမှာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဇာဗီက “လာမိုင်းနဲ့ ကူဘာဆီတို့ ၂ ယောက်စလုံးကို အံ့မခန်းပါပဲ။ သူတို့က အသက် ၁၆-၁၇ နှစ်အရွယ် ကစားသမားတွေနဲ့ မတူပါဘူး။ ရင့်ကျက်မှုကို ကောင်းကောင်းပြသထားနိုင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ကစားသမားတွေပါ။ စိန်ခေါ်မှုတွေကို ဘယ်အချိန်မှာပြုလုပ်ရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိကြပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
ဇာဗီက ကူဘာဆီရဲ့ခြေစွမ်းကို ချီးကျူးပြောဆိုခဲ့တာကြောင့် လူငယ်နောက်ခံလူဟာ နာပိုလီနဲ့ ရင်ဆိုင်ရမယ့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာလည်း ထပ်မံပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ ယခုပွဲစဉ်မှာ အရူဂျိုက ပွဲပယ်ခံထားရတာကြောင့် ဇာဗီက ကူဘာဆီကို အစားထိုးထည့်သွင်းပြီး မာတီနက်ဇ်နဲ့တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။ ဇာဗီအနေနဲ့ လာမယ့် နာပိုလီနဲ့ပွဲစဉ်မှာတော့ အရူဂျိုနဲ့ မာတီနက်ဇ်တို့ရဲ့ အတွေ့အကြုံရင့်အတွဲဖက်ကိုသာ ပြန်လည်အသုံးပြုသွားဖွယ်ရှိနေပြီး ကူဘာဆီကတော့ အရန်ခုံထိုင်ရဖို့ရှိနေပါတယ်။