
ချန်ပီယံလိဂ်ဝင်ခွင့်မရပါကလည်း ချဲလ်ဆီးကနေထုတ်ပယ်ခံရဖို့မရှိတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါကလည်း အသင်းကနေ ထုတ်ပယ်ခံရမှာမဟုတ်ဘဲ နောက်ရာသီ အသင်းနဲ့ ဆက်လက် လက်တွဲခွင့်ရသွားမယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ The Telegraph သတင်းဌာနရဲ့အဆိုအရ နည်းပြချုပ် မာရက်စ်ကာဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါကလည်း ချဲလ်ဆီးအနေနဲ့ နည်းပြအပြောင်းအလဲပြုလုပ်သွားမှာမဟုတ်ဘဲ အီတလီသားကိုပဲ ဆက်လက်ခန့်အပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရပ်တည်နေပြီး လက်ကျန် ၂ ပွဲစလုံးအနိုင်ရမှသာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာမှာဖြစ်ပါတယ်။မာရက်စ်ကာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ချဲလ်ဆီးနဲ့ စတင်လက်တွဲပြီး ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ မာရက်စ်ကာရဲ့ဦးဆောင်မှုနဲ့အတူ ဒီရာသီမှာ ကွန်းဖရန့်လိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့အခွင့်အရေးရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အခြေအနေကောင်းပါတယ်။ မာရက်စ်ကာအနေနဲ့ ကွန်းဖရန့်လိဂ်ဖလားသာမက ချန်ပီယံလိဂ်ဝင်ခွင့်ပါရရှိအောင် စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ ချဲလ်ဆီးအတွက် အောင်မြင်တဲ့ရာသီတစ်ခုကို ပုံဖော်ပေးနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
သို့သော်လည်း ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံးလက်ကျန် ၂ ပွဲမှာ ခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ခက်ခက်ခဲခဲရုန်းကန်သွားရနိုင်ပါတယ်။ ဒါကြောင့် အဆိုပါပွဲစဉ်တွေမှာ အနိုင်မရခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရမှာမဟုတ်လို့ မာရက်စ်ကာဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။
လာမယ့် စနေနေ့မနက်မှာတော့ ချဲလ်ဆီးဟာ ယူနိုက်တက်ကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ဖန်တီးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။