The network connection is lost.

Banner Image

ပယ်လ်မာနဲ့တွဲဖက်ပြီး အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဝက်ကင်းစ်

ယနေ့နက်က နယ်သာလန်နဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ပြီး အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အိုလီဝက်ကင်းစ်က သူဟာ ပွဲမစခင်ကတည်းက ကိုးလ်ပယ်လ်မာနဲ့ တွဲဖက်ပြီး အသင်းအတွက် ဂိုးသွင်းယူနိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ၁-၁ နဲ့သရေကျနေချိန် ပွဲကစားချိန် ၈၁ မိနစ်မှာ ဖီးဖိုဒန်နဲ့ ဟယ်ရီကိန်းတို့အစား လူစားဝင်လာကြတဲ့ ဝက်ကင်းစ်နဲ့ ပယ်လ်မာတို့အတွဲအဖက်ဟာ အသင်းအတွက် အလွန်အရေးပါတဲ့အနိုင်ဂိုးကို ပွဲပြီးကာနီး အချိန်ပိုမှာ တွဲဖက်ပြီး သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အက်စတွန်ဗီလာ တိုက်စစ်မှူးဟာ ပယ်လ်မာရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်ကို ယူရိုဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဝက်ကင်းစ်က သူ့အနေနဲ့ ပယ်မာနဲ့တွဲဖက်ပြီး အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်မယ်လို့ ပွဲမစခင်ကတည်းက ခန့်မှန်းထားခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အင်္ဂလန်အတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ အသက်-၂၈ နှစ်အရွယ် ကစားသမားက “ကျွန်တော့်ကလေးတွေရဲ့ အသက်နဲ့တိုင်တည်ပြီးကျိန်ပြောရဲပါတယ်။ ဒီပွဲမစခင်မှာပဲ ကျွန်တော်ပယ်လ်မာကို ဂိုးဖန်တီးမှုပြုလုပ်ပေးဖို့နဲ့ ကျွန်တော်ဂိုးသွင်းမယ့်အကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ ပြောတဲ့အတိုင်းပဲဖြစ်လာခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂ နှစ်ဆက်တိုက် ယူရိုဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့တဲ့အင်္ဂလန်ဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ အင်အားကြီးပြိုင်ဘက်စပိန်ကို ဘာလင်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အမျိုးသား ဘောလုံးအသင်းရဲ့ ၅၈ နှစ်ကြာဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။