ယူရို ၂၀၂၀ မှာ ပင်နယ်တီ လွဲခဲ့တဲ့ဖြစ်ရပ်က အခုချိန်အထိ ခြောက်လှန့်နေဆဲဖြစ်တယ်လို့ ဝန်ခံလာတဲ့ ဆန်ချို
ဒေါ့မွန်မှာ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် မတိုင်ခင်မှာ အီတလီကိုရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲ ပင်နယ်တီ အဆုံးအဖြတ်မှာ လွဲချော်ခဲ့တဲ့ဖြစ်ရပ်က အခုချန်အထိ ခြောက်လှန့်နေဆဲဖြစ်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ဆန်ချိုဟာ ၂၀၂၃-၂၄ ဘောလုံးရာသီကို ပြဿနာတွေနဲ့ စတင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်နဲ့ လူသိရှင်ကြား အငြင်းပွားခဲ့တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းဟောင်း ဒေါ့မွန်သို့ အငှားစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အင်္ဂလန်သားရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပုံရပြီး ယခုအခါမှာ ကစားသမားဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်နေရပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တာနဲ့ပတ်သက်ပြီး ဆန်ချိုက “တကယ်ကိုခက်ခဲပါတယ်။ ပရိသတ်တွေရဲ့တုံ့ပြန်မှုကလည်း မကောင်းခဲ့ပါဘူး။ ဒါက ကျွန်တော်မေ့ပစ်ဖို့ကြိုးစားနေရတဲ့ အရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အပြုသဘောဆောင်ဖို့ပဲ အာရုံစိုက်ထားလို့ပါ။ ဘောလုံးမှာက ဒီလိုပါပဲ။ အဲဒီတုန်းကတော့ လူတွေကဝေဖန်ကြတာပေါ့။ ဒါက သွေးပူနေကြတုန်းမို့ပါ။ အဲဒီပြိုင်ပွဲပြီးတော့ နွေရာသီရောက်ပါတယ်။ နွေရာသီက တကယ်ကို ခက်ခဲလွန်းခဲ့ပါတယ်။ ဘာကြောင့် ငါ့ကျမှ ဒီလိုလာဖြစ်ရတာလဲဆိုပြီး နောင်တရစိတ်တွေနဲ့ ကျော်ဖြတ်ခဲ့ရတာပါ” “နိုင်ငံကို အဆင့်နှိမ့်ချမိလိုက်သလိုခံစားခဲ့ရပါတယ်။ တကယ်က မဟုတ်ပေမယ့် အဲဒီတုန်းကတော့ ဒီတိုင်းပဲခံစားခဲ့ရတာပါ။ အချို့အားပေးတဲ့ ပရိသတ်တွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။ သူတို့ကိုတော့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တစ်ယောက်တည်း ဒီလိုခံစားခဲ့ရတာတော့ မဟုတ်ပါဘူး။ ဆာကာနဲ့ ရက်ရှ်ဖို့ဒ်တို့လည်း အတူတူပါပဲ။ အခုချိန်အထိ အဲဒီတုန်းကအဖြစ်အပျက်က ခြောက်လှန့်နေတုန်းပါ။ ဒါပေမယ့် အခုတော့ အကောင်းဆုံးကြိုးစားနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တောင်ပံကစားသမားက “ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ပင်နယ်တီလွဲမယ်လို့ သံသယမရှိခဲ့ဖူးပါဘူး။ ပင်နယ်တီရတာနဲ့ ကန်ဖို့အသင့်ပါပဲ။ လာမယ့် ပွဲစဉ်ကလည်း ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါ ကောင်းမွန်တဲ့ နေ့ရက်တစ်ရက်ဖြစ်လာမယ်လို့ ယုကြည်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားမှာမဟုတ်ပါဘူး။ အရမ်းပျော်ပါတယ်။ ကျွန်တော့်ကို ပြန်ပြီးကြိုဆိုခဲ့ကြတဲ့ အသင်းက ကစားသမားတွေနဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ဘက်ကနေ အမြဲတမ်းရပ်တည်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အဖေ၊ အမေနဲ့ မိသားစုဝင်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆန်ချိုဟာ လာမယ့် ဇွန်လ ၁ ရက်နေ့မှာတော့ ဒေါ့မွန်နဲ့အတူ ဝင်ဘာလေကွင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်သို့ပြန်ရောက်လာမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။