The network connection is lost.

Banner Image

စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေက မိုဆာလက်၊ ဗန်ဒိုက်၊ အာနိုးလ်တို့ရဲ့စွမ်းဆောင်ရည်ပိုင်းကို မထိခိုက်စေဘူးလို့ ယုံကြည်ထားတဲ့ အန်းစလော့

အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရေးဆွေးနွေးမှုတွေကြောင့် မိုဆာလက်၊ အာနိုးလ်နဲ့ ဗန်ဒိုက်တို့ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်းအပေါ် မထိခိုက်စေဘူးလို့ လီဗာပူးနည်းပြအန်းစလော့က အခိုင်အမာပြောကြားခဲ့ပါတယ်။ မိုဆာလက်၊ အာနိုးလ်နဲ့ ဗန်ဒိုက်တို့ရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်၊ နွေရာသီကာလမှာ သက်တမ်ကုန်ဆုံးပါလိမ့်မယ်။

မိုဆာလက်နဲ့ ဗန်ဒိုက်တို့က သူတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုနေကြပေမယ့် အာနိုးလ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး အခုဆောင်းရာသီအပြောင်းအရွှေ့မှာတင် စပိန်မြေဆီ ရောက်ရှိလာဖို့အတွက် ကြိုးပမ်းမှုတွေလည်း ရှိခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မတိုင်ခင် အန်းစလော့က စာချုပ်ကိစ္စညှိနှိုင်းမှုတွေကြောင့် ဒီကစားသမားဦးရဲ့စွမ်းဆောင်ရည်ပိုင်း ထိခိုက်ရတယ်ဆိုတဲ့ ဆွေးနွေးမှုတွေကို ပယ်ချသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့လတ်တလောသရေရလဒ်ဟာ ပြိုင်ဘက်ရဲ့ကစားပုံနည်းလမ်းအပေါ်မှာသာ မူတည်တာပါလို့ ရှင်းပြသွားခဲ့ပါတယ်။

အန်းစလော့က “ ၁၀ ကြိမ်မှာ ကိုးကြိမ်လောက်က အခြားအသင်း ဘယ်လောက်ကောင်းကောင်းကစားနိုင်သလဲဆိုတာမှာပဲ မူတည်ပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အန်းစလော့က ယူနိုက်တက်နဲ့ပွဲစဉ်အတွင်း စွမ်းဆောင်ရည်ပိုင်းညံ့ဖျင်းမှုတွေအတွက် ဝေဖန်ခံနေရတဲ့ အာနိုးလ်ကိုလည်း ကာကွယ်ပေးခဲ့ပါတယ်။ လီဗာပူးနည်းပြက ယူနိုက်တက်နဲ့ပွဲစဉ်အတွင်း အသင်းတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ဟာ သတ်မှတ်စံနှုန်းမျိုးအထိ မရှိနေခဲ့ဘူးလို့ ဆွေးနွေးခဲ့ပါတယ်။

အန်းစလော့က “အာနိုးလ်တင်မက ကျွန်တော်တို့အားလုံး စိတ်ပျက်ခဲ့ရတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အားလုံး တကယ်စိတ်ပျက်ခဲ့ကြပါတယ်။ ဒီပွဲစဉ်ရဲ့ကဏ္ဍအများစုမှာ ကျွန်တော်တို့ ကျေနပ်အားရမှုအပြည့်အဝမရရှိခဲ့ပါဘူး။ အာနိုးလ်တစ်ဦးတည်းတင် မဟုတ်ပါဘူး၊ ကိစ္စအများစုမှာ ကျွန်တော်တို့တွေ ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်။ အာနိုးလ်လည်း အကောင်းဆုံးမကစားနိုင်ခဲ့သလို အခြားသူအချို့လည်း အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။

တစ်ရာသီကို ပွဲစဉ် ၅၀၊ ၆၀ လောက် ကစားရမယ်ဆိုရင် တစ်ပွဲလောက်တော့ ခြေစွမ်းမပြနိုင်တာမျိုး ရှိနိုင်ပါတယ်။ သီတင်းပတ်တစ်ခုအတွင်း နှစ်ပွဲကစားရမယ်ဆိုပေမယ့် ဒီကစားသမားတွေ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ချိန်မှာလည်း ချီးကျူးပေးသင့်ပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး အန်းစလော့က တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ပ-ကျော့) ပွဲစဉ်အတွင်း ပြိုင်ဘက်ကို စိတ်ကြိုက်ကစားခွင့်မပေးမိစေရန် တားဆီးသွားရလိမ့်မယ်လို့ အကြံပြုသွားပါတယ်။

တော့တင်ဟမ်ဟော့စပါးကွင်းပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ပွဲမတိုင်ခင် ကျွန်တော်တို့မျှော်လင့်ထားတဲ့အရာကတော့ ဒီနှစ်သင်းလုံးမှာရှိနေတဲ့ ရှင်းလင်းပြတ်သားတဲ့ ဝိသေသလက္ခဏာတစ်ခုနဲ့ အသင်းလိုက်ကစားဟန်တို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းလုံးက သူတို့ရဲ့ဝိသေသလက္ခဏာနဲ့အတူ ပြိုင်ဘက်ကို ထိုးနှက်ဖို့ ကြိုးစားပါလိမ့်မယ်။

လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်၊ အဝေးကွင်းပွဲစဉ်မှာတုန်းကတော့ ကျွန်တော်တို့အသင်းက ကိုယ့်ရဲ့ဝိသေသလက္ခဏာကို ပွဲစဉ်ရဲ့အစိတ်အပိုင်းအများစုမှာ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်ကလည်း သူတို့တွေ ဘယ်လောက်အထိကောင်းမွန်သလဲဆိုတာကို ကြီးကြီးမားမားပြသခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ကို သုံးဂိုးပြန်သွင်းနိုင်ခဲ့မှုက ဂုဏ်ပြုဖို့ထိုက်တန်ပါတယ်”လို့ ပြောပါတယ်။ လီဗာပူးနဲ့ တော့တင်ဟမ်တို့က လတ်တလောပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံချိန်မှာ ၆-၃ ဂိုးဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။