ယူနိုက်တက်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီခြင်းမရှိလို့ တော့တင်ဟမ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ လိုအပ်ချက်တွေပြည့်မီခြင်းမရှိတာကြောင့် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ချန်လှပ်ခဲ့ကြောင်း ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မြို့ခံပြိုင်ဘက် မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အတွက် ယူနိုက်တက်ရဲ့လူစာရင်းမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ သောကြာနေ့နံနက်က တော့တင်ဟမ်ကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ယခုအခါမှာတော့ အာမိုရင်က ရက်ရှ်ဖို့ဒ်ကို ဘာကြောင့်အသင်းရဲ့လူစာရင်းကနေ ၂ ပွဲဆက်တိုက် ချန်လှပ်ခဲ့ရသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ပေါ်တူဂီသားက “အသင်းရဲ့လိုအပ်ချက်နဲ့ကိုက်ညီတယ်လို့ ခံစားရပြီး အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ကစားသမားတွေကိုပဲ ကျွန်တော်ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားရွေးချယ်မှုလုပ်ငန်းစဉ်က ပုံမှန်အတိုင်းပဲ အလုပ်လုပ်နေပါတယ်။ အပတ်တိုင်းမှာ ကစားသမားတွေကိုစောင့်ကြည့်နေပြီး အသင်းအတွက် အဆင်သင့်ဖြစ်မလား အကဲဖြတ်နေပါတယ်။ ရက်ရှ်ဖို့ဒ်ကိုမှမဟုတ်ပါဘူး။ ဘယ်ကစားသမားကိုမဆို ဒီအတိုင်းပဲလုပ်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားထားခဲ့ပြီး ၂ ရက်အကြာမှာပဲ အာမိုရင်က ကစားသမားကို လူစာရင်းကနေ ထပ်မံချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်သားရဲ့ ယူနိုက်တက်ကစားသမားဘဝအနာဂတ်ဟာ မသေချာမရေရာဖြစ်လာပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ ငယ်ဘဝကလပ်ကနေ ထွက်ခွာနိုင်ချေမြင့်တက်လာပါတယ်။
တော့တင်ဟမ်ကိုရှုံးနိမ့်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတဲ့ယူနိုက်တက်ဟာ လာမယ့်ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၂၇ ရက်နေ့မှာတော့ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။