The network connection is lost.

Banner Image

ဘာစီလိုနာအသင်းစွမ်းဆောင်ရည်ကျဆင်းတာက ပွဲပန်းနေတာကြောင့်ဖြစ်တယ်လို့ ရာဖင်ဟာ ဖွင့်ဟလာ

ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာက အသင်းစွမ်းဆောင်ရည်ကျဆင်းနေတာဟာ ပွဲပန်းနေတာကြောင့်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လာမယ့်စနေနေ့ တီကိုအသင်းနဲ့ပွဲမှာ အခုနှစ်ဟောင်းကို အနိုင်ရလဒ်နဲ့အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဘာစီလိုနာဟာ လာလီဂါပထမဆုံး ၁၂ ပွဲမှာ ၁၁ ပွဲအထိအနိုင်ရရှိထားပေမယ့် အခုနောက်ပိုင်းမှာတော့ ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့ပါတယ်။

ဒါ့အအပြင် အိမ်ကွင်းမှာလည်း လက်စ်ပါးမက်စ် နဲ့ လီဂါနက်စ်တို့ကို ၂ ပွဲဆက်အရေးနိမ့်ခဲ့ပါတယ်။ တီကိုကတော့ ၆ ပွဲဆက်အနိုင်ရရှိထားပြီး နိုဝင်ဘာအစတုန်းက ၁၀ မှတ်ကွာဟခဲ့ပေမယ့် အခုဘာစီလိုနာနဲ့အမှတ်တူအနေအထားရောက်လာခဲ့ပြီဖြစ်ပါတယ်။

“အသင်းစွမ်းဆောင်ရည်ကျဆင်းတာက ပွဲပန်းနေတာကြောင့်ပါ။ ကျွန်တော်တို့ တော်တော်ဆိုးဝါးခဲ့ပါတယ်။ အဆင့်တစ်ခုလည်း ကျဆင်းခဲ့ပါတယ်။ ကျွန်တော်တို့ အာရုံစူးစိုက်မှု ပြတ်လပ်ခဲ့တာက ပေးဆပ်ခဲ့ရတာပါ။ မောပန်းမှုတွေလည်း ရှိခဲ့ပါတယ်။ အမှတ်လျော့ခဲ့ချိန်မှာ ကျွန်တော်တို့ မမောပန်းဘူးပြောမယ်ဆိုရင် လိမ်ရာကျပါလိမ့်မယ်။ ကျွန်တော်တို့ တော်တော်လေးဆိုးဝါးခဲ့ပါတယ်”လို့ ရာဖင်ဟာက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာမှာ လူအင်အားမတောင့်တင်းတာအပြင် ဒဏ်ရာပြဿနာတွေကြောင့် ဖလစ်အတွက် ခက်ခဲစေတာဖြစ်ပါတယ်။ ရာဖင်ဟာကတော့ ဒီရာသီအသင်းအတွက် မိနစ်ပေါင်း ၁၅၀၀ ပါဝင်ထားခဲ့တဲ့ကစားသမား ၁၀ ဦးထဲက ၁ ယောက်ဖြစ်သလို အိုလ်မိုကတော့ ဒဏ်ရာပြဿနာတွေကြောင့် ၇၈၇ မိနစ်သာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။

ရာဖင်ဟာထက် မိနစ်ပိုကစားထားတဲ့ကစားသမားတွေအဖြစ် အီနာဆီယိုမာတီနက်ဇ်  (၂၀၄၆ မိနစ်) နဲ့ ကွန်ဒီ (၁၉၇၅ မိနစ်) တို့သာ ရှိနေပါတယ်။ အခြေအနေတွေဆိုးနေပေမယ့် ဘရာဇီးသားက မိမိတို့အသင်းဟာ မကြာခင်မှာလမ်းကြောင်းမှန်ပေါ်ပြန်လာနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ “မှန်ပါတယ်။ ကျွန်တော်တို့ အခုအခြေအနေတွေကို ကျော်ဖြတ်နိုင်မှာပါ။ ကျွန်တော့်မှာ အရာအားလုံးကျော်ဖြတ်နိုင်မယ်ဆိုတဲ့ တက်တူးရှိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့သလို ရာသီအစတုန်းက ကျွန်တော်တို့ အခိုက်အတန့်ကောင်းတွေဖန်တီးနိုင်ခဲ့ပါတယ်။

ဆိုးဝါးတဲ့အခိုက်အတန့်တွေကို ကျော်ဖြတ်ရပါမယ်။ ဒါက ဘဝပါ။ ဘောလုံး နဲ့ ဘဝဆိုတာ အတူတူပါပဲ။ ကျွန်တော်တို့ ပွဲတိုင်းကို သေချာလေးချဉ်းကပ်မယ်ဆိုရင် ရာသီအစတုန်းကလိုသာဆိုရင် ကျော်ဖြတ်နိုင်မှာပါ။ ပွဲတိုင်းကို ကျွန်တော်တို့ သေချာလေးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ အဲ့တာဆိုရင် ကျွန်တော်တို့ ပိုကောင်းလာမှာပါ”လို့ ရာဖင်ဟာက ပြောကြားခဲ့ပါတယ်။

ကွန်ဒီကလည်း အသင်းဖော်ရာဖင်ဟာရဲ့ပြောကြားချက်ကို ထောက်ခံခဲ့ပြီး မကြာခင်လမ်းကြောင်းမှန်ပေါ်ပြန်လာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။