
The network connection is lost.

ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း မက်ဆီက အသင်းကနေ ထွက်ခွာပြီးနောက် အခြားအာဂျင်တီးနား အသင်းဖော်တွေကို သက်ဆိုင်ရာအသင်းတွေက ဂုဏ်ပြုခဲ့ကြပေမယ့် အသင်းဟောင်း အနေနဲ့ မိမိကမ္ဘာ့ဖလားရခဲ့တာကို ဂုဏ်မပြုခဲ့ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
ESPNနဲ့ အင်တာဗျူးမှာ မက်ဆီက ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလား ရယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီက အသိအမှတ်မပြုခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကစားသမား ၂၅ ဦးထဲမှာ အသင်းဘက်ကနေ အသိအမှတ်အပြုမခံရတဲ့ တစ်ဦးတည်းသော ကစားသမားပါ”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ ပြင်သစ်ကို အနိုင်ရပြီးကတည်းက မက်ဆီက သူ့အနေနဲ့ အကြောင်းပြချက်ကို နားလည်ခဲ့တယ်လို့ ဆိုပါတယ်။ “အဲ့တာက နားလည်ရခက်ခဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကြောင့် ပြင်သစ်က ကမ္ဘာ့ဖလားကို ဆက်မထိန်းနိုင်ခဲ့တာပါ”လို့ အသက် ၃၆ နှစ်သားက ဆိုပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီဥက္ကဌ ကလိုင်ဖီကတော့ မက်ဆီရဲ့စွပ်စွဲမှုကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ “လူတိုင်းမြင်သလို ကျွန်တော်တို့ဗီဒီယိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ မက်ဆီကို လေ့ကျင့်ခန်းအစီအစဉ်မှာ ကျွန်တော်တို့ဂုဏ်ပြုခဲ့ပါတယ်။ သူ့ကိုသီးသန့်တောင် ဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် လေးစားမှုရှိစွာနဲ့ ကျွန်တော်တို့ ပြင်သစ်ကလပ်ပါ။ ကွင်းထဲမှာ အောင်ပွဲခံတာက အဆင်မပြေပါဘူး။ နိုင်ငံအသင်းအရေးနိမ့်ခဲ့တာကို ကျွန်တော်တို့ လေးစားရပါမယ်”လို့ ကလိုင်ဖီက ပြောကြားခဲ့ပါတယ်။
ကလိုင်ဖီက မက်ဆီကိုဂုဏ်ပြုခဲ့တဲ့ ဇန်နဝါရီတုန်းက ဗီဒီယိုကို ပြန်လည် ပြောပြခဲ့ပါတယ်။ မက်ဆီဟာ ကာတာကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သလို အာဂျင်တီးနားအသင်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ရာမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီကို ဆော်ဒီကလပ်အသင်းတစ်သင်းက ကမ်းလှမ်းခဲ့ပေမယ့် အင်တာမိုင်ယာမီအသင်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်မြေကိုပြောင်းခဲ့ပေမယ့် မက်ဆီတစ်ယောက် အနားယူဖွယ်မရှိသေးတာဖြစ်ပါတယ်။
“ကျွန်တော်လုပ်ဆောင်နေတာကို ချစ်ပါတယ်။ ကျွန်တော်ကစားရတာကို နှစ်သက်ပါတယ်။ အခုတော့ မတူညီတော့ပါဘူး။ ဒါကြောင့် ကျွန်တော် မိုင်ယာမီကိုလာခဲ့တာပါ။ အဲ့လိုမှမဟုတ်ရင် ကျွန်တော့်ကစားသမားဘဝဆက်နိုင်မှာ မဟုတ်ပါဘူး”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ လာမယ့်ကိုပါအမေရိကဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားတွေမှာ နိုင်ငံအသင်းအတွက် ပါဝင်ကစားမယ်လို့ အတည်ပြုခဲ့ပါတယ်။