The network connection is lost.

Banner Image

အန်ကွန်ကူနဲ့ ဖိုဖာနာတို့ရဲ့ ဒဏ်ရာအခြေအနေတွေကို အသိပေးလာတဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ ခရစ္စတိုဖာအန်ကွန်ကူနဲ့၊ ဝက်စလေဖိုဖာနာတို့ရဲ့ ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။ 

ပိုချက်တီနိုက အန်ကွန်ကူဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပေါင် ၅၂ သန်းတန်ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ဒုတိယပိုင်းအတွင်း လူစားဝင်ကစားသမားအဖြစ်ပါဝင်နိုင်ခဲ့ပါတယ်။ 

 

သို့သော်လည်း အန်ကွန်ကူဟာ ကြားရက်ထဲက လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ကိုတော့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာကစားသမားဟာ ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း လွဲချော်သွားမှာဖြစ်တယ်လို့ ပိုချက်တီနိုက အတည်ပြုလာခဲ့တဲ့အပြင် ဒီရာသီမှာ အသက်-၂၆ အရွယ်ကစားသမားဟာ ဒဏ်ရာပြဿနာတွေကြောင့်သာ ရုန်းကန်နေရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

 

ပိုချက်တီနိုက “သူ တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကိုပြန်ရနိုင်ဖို့ ရက်သတ္တပတ်အနည်းငယ်တော့ စောင့်ရပါလိမ့်မယ်။ အခုချိန်မှာတော့ တနင်္ဂနွေနေ့က ရခဲ့တဲ့ ဒဏ်ရာကို ပြန်လည်ကုသမှုတွေပြုလုပ်နေပါပြီ။ ဒီရာသီက သူ့အတွက် ကံမကောင်းပါဘူး။ ပွဲအများကြီးကစားခွင့်မရတဲ့ ကစားသမားတစ်ယောက်အတွက် ဒဏ်ရာပြဿနာက တော်တော်ဒုက္ခရောက်ပါတယ်”

 

“ရာသီကြိုတုန်းက သူ့မှာအရမ်းကောင်းတဲ့ပုံစံရှိခဲ့တာကြောင့် ဒီရာသီကတော့ သူ့အတွက် ခက်ခဲတဲ့ရာသီဖြစ်နေမှာပါ။ ပြီးတော့ နှောင့်နှေးမှုတွေနဲ့ရုန်းကန်ရဖို့ ဒဏ်ရာတွေကလည်း တစ်ခုပြီးတစ်ခုရနေပါတယ်”

“ကျွန်တော်ကတော့ ဆေးပညာနဲ့ပတ်သက်ပြီး ဗဟုသုတ သိပ်မရှိတာကြောင့် သူ့ကို ကံဆိုးတယ်လို့ပဲ ပြောနိုင်ပါတယ်။ ဘာလို့ ဒီဒဏ်ရာတွေဖြစ်လာတာလဲ ကျွန်တော်မသိပါဘူး။ ဒါကြောင့် ကံဆိုးတယ်လို့ပဲပြောရမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

 

ဆက်လက်ပြီး ပိုချက်တီနိုက ဝက်စလေဖိုဖာနာကလည်း ရာသီကုန်တဲ့အထိ ပြန်လည်ကစားနိုင်ဦးမှာမဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ လက်စတာကနေ စတန်းဖို့ဒ်ဘရစ်ချ်ကို ပေါင် ၇၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဖိုဖာနာဟာ ဒီရာသီမှာ တစ်ပွဲမှပါဝင်ကစားနိုင်ခြင်းမရှိသေးပါဘူး။ ကစားသမားဟာ ဇူလိုင်လကတည်းက ကျောရိုးအရွတ် ခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ 

ပိုချက်တီနိုက “ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့အခြေအနေက ကျွန်တော်ထင်သလိုမဟုတ်ပါဘူး။ သူဒီရာသီမှာတော့ ပြန်ကစားနိုင်မယ်လို့မထင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။