
ကစားသမားတွေထပ်ခေါ်နေပါက အသင်းကနေနုတ်ထွက်မယ်လို့ ဂွါဒီယိုလာ ခြိမ်းခြောက်
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားတွေ ထပ်မံခေါ်ယူနေဦးမယ်ဆိုပါက ရာထူးကနေ နုတ်ထွက်သွားမယ်လို့ ခြိမ်းခြောက် ပြောဆိုလာခဲ့ပါတယ်။
ယခုနှစ်ရာသီမှာ ဆုဖလား တစ်လုံးမှဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတဲ့ မန်စီးတီးဟာ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဖလားလက်မဲ့ရာသီနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပင် ရုန်းကန်နေရပါတယ်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ ဘုန်းမောက်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ရာသီပိတ်ပွဲစဉ်မှာ ၁ မှတ်ရရှိရုံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်စီးတီးဟာ အိုမာ မာမွတ်ရှ်၊ ကူဆာနော့ဗ်၊ ဗစ်တာရီးစ်နဲ့ နီကိုဂွန်ဇာလက်ဇ်တို့ကို ခေါ်ယူဖို့ ပေါင်သန်း ၁၈၀ အထိအသုံးပြုခဲ့ပါတယ်။ သို့သော်လည်း ယခုနှစ်ရာသီအကုန်မှာ အဓိက ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းက ထွက်ခွာသွားတော့မှာဖြစ်သလို၊ ဂျက်ခ်ဂရီးလစ်ရှ်နဲ့ အီဒါဆန်တို့ကလည်း အသင်းမှာဆက်နေဖို့မသေချာတာကြောင့် မန်စီးတီးအနေနဲ့ နွေရာသီမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ အလားအလာရှိပါတယ်။
ယခုနှစ်ရာသီအတွင်း မန်စီးတီးဟာ ရိုဒရီအပါအဝင် အသင်းရဲ့ အချို့ကစားသမားတွေကိုဒဏ်ရာပြဿနာကြောင့် အသုံးပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒဏ်ရာပြဿနာတွေနဲ့ ထွက်ခွာမယ့်ကစားသမားတွေရှိနေပေမယ့် ဂွါဒီယိုလာကတော့ အသင်းမှာနောက်ထပ်ကစားသမားတွေ ထပ်မလိုချင်တော့ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
စပိန်သားနည်းပြက "ကျွန်တော် ကလပ်ကိုပြောပြီးသားပါ။ ကစားသမားတွေ ထပ်မလိုချင်တော့ပါဘူး။ နောက်ထပ် ၅ ယောက်၊ ၆ ယောက်လောက်အထိ လူစာရင်းထဲ ထပ်မထည့်ချင်တော့ပါဘူး။ ဒီလိုမှမဟုတ်ရင် အသင်းကနေ ထွက်သွားမှာပါ။ သူတို့ လူစာရင်းကို ဒီထက် ပိုချုံ့ဖို့လိုပါတယ်။ မဟုတ်ရင် ကျွန်တော် ဒီမှာမနေတော့ပါဘူး"
"ကစားသမားတွေအများကြီးဝယ်ပြီး သူတို့ကို ကစားခွင့်မပေးနိုင်တာက ကျွန်တော့်အတွက် အဆင်မပြေပါဘူး။ ကျွန်တော်တို့ နောက်ထပ်ကစားသမား ၄ ယောက်အထိ ထပ်ဝယ်ခဲ့လို့ အခုတော့ သူတို့နေရာပျောက်နေပါပြီ။ အသင်းမှာအဓိကလိုအပ်တာက နောက်ခံလူပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ ကစားသမား ၂၄ ယောက်လောက်အထိတော့ ကျွန်တော် လေကျင့်မပေးနိုင်ပါဘူး။ ဒါကြောင့် ကစားသမား ၄-၅ ယောက်က သူတို့အိမ်မှာပဲနေနေရပါတယ်"
"ဒီလိုဖြစ်နေတာမကောင်းပါဘူး။ ဒါကြောင့် ဒီလိုအခြေအနေတွေမလိုချင်ကြောင်း ကလပ်ကို ပြောထားပါတယ်။ ကျွန်တော် ကစားသမား ၂၆ ယောက်လောက်အထိ မလိုချင်ပါဘူး။အကယ်ဒမီမှာလည်း ကစားသမားလေးတွေရှိနေပြီးသားပါ။ ဒဏ်ရာပြဿနာကတော့ ကံမကောင်းလို့ဖြစ်လာတာပါ။အသင်းမှာ နေရာအတွက်တိုက်ပွဲဝင်မယ့် ကစားသမား လုံလုံလောက်လောက်ရှိရင် အဆင်ပြေပါတယ်" လို့ပြောကြားခဲ့ပါတယ်။