
တော့တင်ဟမ်ရဲ့ပစ်မှတ် အီဇီကိုချိတ်ဆက်မှုတွေပြုလုပ်လာတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ တော့တင်ဟမ်ကပစ်မှတ်ထားနေတဲ့ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်ကြယ်ပွင့် အီဘရီချီအီဇီကို အပြိုင်ပစ်မှတ်ထားလာခဲ့ပြီး ယခုအခါမှာတော့ ချိတ်ဆက်မှုတွေစတင်ပြုလုပ်လာခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အာဆင်နယ်ဟာ အီဇီအတွက်ကမ်းလှမ်းမှုတွေကို အခုချိန်ကတည်းက စတင်ပြင်ဆင်နေပြီး အလားအလာရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတစ်ခုကို စတင်ပြုလုပ်တော့မယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အသက်-၂၇ ပြည့်ခဲ့တဲ့ အီဇီဟာ ပဲလေ့စ်ရဲ့ အရေးပါဆုံးကစားသမားတစ်ဦးဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းအထိတန်ဖိုးရှိနေပါတယ်။ တော့တင်ဟမ်ဟာ အီဇီကိုခေါ်ယူဖို့ ကာလရှည်ချိတ်ဆက်နေခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကို မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့အပါအဝင် အခြားထိပ်သီးကလပ်တွေကလည်း ချိတ်ဆက်နေကြတာဖြစ်ပါတယ်။
အီဇီဟာ ၂၀၂၀ ခုနှစ်မှာ ကျူပီအာမှ ခရစ္စတယ်ပဲလေ့စ်သို့ ပေါင် ၁၇ သန်းနဲ့ပြောင်းရွှေလာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ အသင်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိ အီဇီနဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ ပဲလေ့စ်ဟာ ကစားသမားကိုရောင်းချခဲ့မယ်ဆိုပါက ပြောင်းရွှေ့ကြေးနဲ့ ၂၀ ရာခိုင်နှုန်းကို ကျူပီအာထံ ပေးချေသွားရမယ်လို့သိရပါတယ်။
အီဇီအနေနဲ့တော့ သူ့ရဲ့ကစားသမားဘဝကို အဆင့်မြှင့်တင်ဖို့အတွက် ယခုနွေရာသီမှာပဲ ခရစ္စတယ်ပဲလေ့စ်မှထွက်ခွာပြီး အသင်းကြီးတစ်သင်းသို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ပဲလေ့စ်ဟာ နောက်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရထားပေမယ့် အီဇီကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းကိုသာ ပြောင်းရွှေ့လိုနေတာကြောင့် တော့တင်ဟမ်နဲ့အာဆင်နယ် ဘယ်အသင်းကိုရွေးချယ်သွားမလဲ စောင့်ကြည့်ရပါမယ်။