မကြာခင်မှာ ဒဏ်ရာကနေ ပြန်လာနိုင်တော့မယ့် ဘရာဇီးစတား
သတင်းတွေအရ အယ်လ်-ဟီလယ်အသင်းစတား နေမာတစ်ယောက် ဒဏ်ရာကနေ ပြန်လာနိုင်တော့မယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ ပီအက်စ်ဂျီကနေ အယ်လ်-ဟီလယ်အသင်းထံပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေခဲ့ရတာဖြစ်ပါတယ်။
နေမာဟာ လိဂ်ပွဲ ၃ ပွဲသာကန်ရသေးပြီးနောက် ACL ဒဏ်ရာရရှိခဲ့သလို အဆိုပါဒဏ်ရာကနေ ပြန်လာချိန်မှာလည်း တံကောက်ကြောဒဏ်ရာထပ်မံရရှိခဲ့ကာ အခုနောက်ဆုံးမှာလည်း နောက်ထပ်ဒဏ်ရာတစ်ခုထပ်မံရရှိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေကြောင့် အသင်းကနေထွက်ခွာဖို့ ကနဦးဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဆော်ဒီလိဂ်မှာပဲ ဆက်နေဖို့ များနေပါတယ်။ ဘရာဇီးသားကိုယ်တိုင်က ပြန်လာနိုင်ဖို့ အလုပ်ကြိုးစားနေပြီး မကြာခင်မှာ အသင်းနဲ့အတူပြန်လည်ပူးပေါင်းနိုင်ဖွယ်ရှိနေပါတယ်။
အဲ့နောက် အင်စတာဂရမ်ကနေ gym မှာ ကြိုးစားနေတဲ့ပုံကို “Work” ဆိုတဲ့စာသားနဲ့ တင်ခဲ့ပါတယ်။ ဘရာဇီးသားကို ဆန်းတို့စ်အသင်းက ချိတ်ဆက်နေသလို အခြားတစ်ဖက်မှာလည်း မက်ဆီ နဲ့ ဆွာရက်ဇ်တို့ရှိတဲ့ အင်တာမိုင်ယာမီက ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က အယ်လ်-ဟီလယ်မှာပဲ ဆက်နေဖွယ်ရှိနေပြီး လာမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်ချင်နေပါတယ်။