
ယူနိုက်တက်အတွက် ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ မဟာဗျူဟာကို ဆာဒေးဗ်ဘရေးလ်စဖို့ဒ် ရေးဆွဲ
INEOS ရဲ့အားကစားဒါရိုက်တာ ဆာဒေးဗ်ဘရေးလ်စဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ မဟာဗျူဟာကို ရေးဆွဲထားတယ်လို့သိရပြီး အဆိုပါ မဟာဗျူဟာကို Mission 21 လို့အမည်ပေးထားပါတယ်။
ယူနိုက်တက်ရဲ့ ၂၁ ကြိမ်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရေးမှာ အသင်းရဲ့စွမ်းဆောင်ချက်တွေကို တိုးတက်စေဖို့ ဘရေးလ်စ်ဖို့ဒ်က အဓိကတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ထွက်ခွာပြီးနောက်ပိုင်းမှာ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်တိုးတက်စေဖို့အတွက် ဘရေးလ်စ်ဖို့ဒ်နဲ့ နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝယ်လ်ကော့ဇ်တို့က ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။
ဘရေးလ်စ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ INEOS တို့စတင်ပူးပေါင်းချိန်ကတည်းက အိုးလ်ထရက်ဖို့ဒ်ရဲ့ အဓိကမဟာဗျူဟာမှူးဖြစ်လာခဲ့ပြီး အသင်းရဲ့ ၁၂ နှစ်ကြာဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အရင်ဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။ အခုလို Mission 21 မဟာဗျူဟာကိုရေးဆွဲရာမှာ လီဗာပူးဂျွန်မိုးစ်တက္ကသိုလ်ပါမောက္ခ ဂျိမ်းစ်မော်တန်ကလည်း ဘရေးလ်စ်ဖို့ဒ်ကို အကူအညီတွေပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဘရေးလ်စဖို့ဒ်ဟာ ယူနိုက်တက်အမျိုးသမီးအသင်းအတွက်လည်း ပထမဆုံးအကြိမ် အမျိုးသမီးစူပါလိဂ်အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ Mission 1 ဆိုတဲ့ဗျူဟာကိုလည်း ရေးဆွဲပေးခဲ့တယ်လို့ဆိုပါတယ်။
ဘရေးလ်စဖို့ဒ်က အသင်းရဲ့စွမ်းဆောင်ရည်ကိုတိုးတက်အောင်ဆောင်ရွက်နေသလို တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကလည်း ပြီးခဲ့တဲ့နွေရာသီမှာ ဆုံးဖြတ်ချက်ချခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းအသစ်တည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေး မဟာဗျူဟာကို စတင်အသက်သွင်းနေချိန် လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် လက်စတာကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။