
အသင်းရဲ့ညံ့ဖျင်းမှုအတွက် ဝန်ထမ်းတွေကပေးဆပ်နေရတယ်လို့ ဝန်ခံလိုက်တဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အိုးလ်ထရက်ဖို့ဒ်မှဝန်ထမ်းတွေ အများအပြားလျှော့ချခံရခြင်းမှာ အသင်းရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုရဲ့ အကျိုးဆက်ဖြစ်ကြောင်း ဝန်ခံလာခဲ့ပြီး ဝန်ထမ်းတွေက အသင်းရဲ့ညံ့ဖျင်းမှုအတွက် ပေးဆပ်နေရတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့က ယူနိုက်တက်ဟာ အသင်းမှဝန်ထမ်း ၂၀၀ လောက်အထိ လျှော့ချဖို့ရှိနေကြောင်း ကြေညာထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နွေရာသီအတွင်းမှာလည်း ယူနိုက်တက်ရဲ့အကြီးအကဲတွေဟာ အသင်းရဲ့ ဝန်ထမ်း အယောက် ၂၅၀ ကိုလျှော့ချထားခဲ့ပြီး အသင်းရဲ့အသုံးစရိတ်ကို ချွေတာဖို့ကြိုးစားခဲ့ကြပါသေးတယ်။
ဝန်ထမ်းလျှော့ချမှုကြောင့် ယူနိုက်တက်ဟာ တစ်နှစ်အတွင်း ပေါင်သန်း ၃၀၀ လောက်အထိ ချွေတာနိုင်ခဲ့သလို၊ တစ်ဖက်မှာ အသင်းရဲ့စွမ်းဆောင်ရည်ကလည်း ကျဆင်းသထက်ကျဆင်းလာပြီး ယခုအခါမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေရပါတယ်။
အစ်ဆွစ်ချ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "အသင်းနဲ့ဆိုင်တဲ့ပြဿနာတိုင်းက ကျွန်တော်တို့ဆီကပဲလာတာပါ။ ဒီလိုအခြေအနေကို ဘယ်လိုရောက်လာသလဲဆိုတာ နားလည်ဖို့က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ နည်းပြတွေနဲ့ ပထမအသင်းကစားသမားတွေဟာ ဘယ်ဘောလုံးအသင်းမှာမဆို အင်ဂျင်တစ်ခုလိုပဲ အရေးပါပါတယ်"
"အသင်းနဲ့ကစားသမားတွေကို တိုးတက်စေဖို့ ကျွန်တော့်ရဲ့အခန်းကဏ္ဍမှာလည်း အတတ်နိုင်ဆုံး ကူညီပေးချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်သို့ ဆာဂျင်မ်ရက်ကလစ်ဖ်ရောက်ရှိလာပြီးနောက်ပိုင်းမှာ အသင်းရဲ့ဝန်ထမ်းတွေ သိသိသာသာလျှော့ချခံခဲ့ရတာလည်းဖြစ်ပါတယ်။ ကွင်းထဲမှာလည်း ရုန်းကန်နေရတဲ့ယူနိုက်တက်ဟာ ကွင်းပြင်ပမှာပါ ထိခိုက်မှုတွေရှိလာခဲ့တယ်လို့ ယူဆရပြီး နောက်ဆုံး ၄ ပွဲမှာလည်း နိုင်ပွဲတစ်ပွဲသာရရှိထားပါတယ်။ နိုဝင်ဘာလမှစတင်ပြီး အာမိုရင်ရဲ့လက်ထက် ၂၂ ပွဲကစားထားရာမှာ ယူနိုက်တက်ဟာ ရှုံးပွဲ ၉ ပွဲအထိ ကြုံတွေ့ထားရတာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "အသင်းရဲ့အခြေအနေက အားလုံးအတွက် ခက်ခဲစေပါတယ်။ လူတိုင်းက ကိုယ့်ရဲ့မိတ်ဆွေ၊ အသင်းဖော်တွေ အလုပ်တွေဆုံးရှုးနေတာကို မြင်တွေနေရတာ အဆင်မပြေပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ အသင်းကို ဘာတွေအကူအညီပေးနိုင်မလဲ အာရုံစိုက်ထားဖို့လိုပါတယ်"
"ဒီနှစ်က လူတိုင်းအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ပါ။ ကလပ်ကိုပြောင်းလဲမှုတွေအများကြီးပြုလုပ်ထားပါတယ်။ အသင်းကိုပြောင်းလဲရင် နိုင်ပွဲတွေရရှိမယ်လို့ ပရိသတ်တွေနဲ့ အခြားလူတွေက လွယ်လွယ်ကူကူထင်နေကြပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေအရ အသင်းရဲ့စွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်နိုင်ဖို့က အရေးကြီးဆုံးဖြစ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ တော့တင်ဟမ်ကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပါအဝင် စုစုပေါင်း ၅ ပွဲအထိရှုံးနိမ့်ထားတဲ့ အစ်ဆွစ်ချ်ဟာ ကြာသပတေးနေ့နံနက်မှာ အိုးလ်ထရက်ဖို့ဒ်သို့လာရောက်ပြီး ယူနိုက်တက်ကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။