
အင်တာမီလန်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ ခက်ခဲမည်ဟု ဟယ်ရီကိန်း ဝန်ခံ
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းက လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ စီးရီးအေ ထိပ်သီး အသင်း အင်တာမီလန် နဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ သူတို့အသင်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဥရောပ ထိပ်တန်းအသင်းကြီး နှစ်သင်းဟာ ဧပြီလ မှာ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပြီး၊ ပထမအကျော့ကို ဘိုင်ယန်မြူးနစ်ရဲ့ အလိန့်ဇ် အရီနာကွင်းမှာ ကစားမှာဖြစ်သလို၊ ဒုတိယအကျော့ အဆုံးအဖြတ်ပွဲကို အင်တာမီလန်ရဲ့ အထင်ကရ ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။
Sky Sport Italia ကို ပြောရာမှာ ကိန်းက ဘိုင်ယန်မြူးနစ်ဟာ ၁၆ သင်းအဆင့်မှာ ဘိုင်ယာလေဗာကူဆင်ကို နှစ်ကျော့ပေါင်း ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်၊ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲက ပိုမိုခက်ခဲ မယ်လို့ ဆိုပါတယ်။ “အရေးကြီးဆုံးက ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ပါ။ ဒီလိုအသင်းမျိုးကို နှစ်ကျော့ပေါင်း ၅-၀ နဲ့ အနိုင်ယူနိုင်တာက ကျွန်တော်တို့ရဲ့ အရည်အချင်းကို သက်သေပြတာပါ။ ဒါကို ကျွန်တော်တို့ ထိုက်တန်ပြီး၊ ဒီအတွက် ပျော်ရွှင်ရမှာပါ။ ဒါပေမယ့် ဒီပွဲက ခက်ခဲမှာပါ။ အင်တာက သူတို့လိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေတယ်။ကောင်းကောင်းကစားနိုင်ပြီး ခံစစ်လည်း တောင့်တင်းပါတယ်။ အထူးသဖြင့် ဆန်စီရိုလို ကမ္ဘာ့အကောင်းဆုံး ကွင်းတစ်ခုမှာ အဝေးကွင်းပွဲစဉ်က ပိုပြီး ခက်ခဲမှာ သေချာပါတယ်” လို့ ကိန်းက ပြောခဲ့ပါတယ်။
အင်တာမီလန်ဟာ ကွာတားဖိုင်နယ်ကို ဖီယင်နုကို နှစ်ကျော့ပေါင်း ၄-၁ ဂိုးနဲ့ အနိုင်ရပြီး တက်လာခဲ့တာဖြစ်ပြီး၊ ဆန်စီရိုကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာ ၂-၁ ဂိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဆီမြွန်နီအင်ဇာဂီ ကိုင်တွယ်နေတဲ့ အင်တာမီလန်ဟာ ဒီရာသီမှာ ခြေစွမ်းပြနေပြီး စီးရီးအေမှာ နာပိုလီကို တစ်မှတ်အသာနဲ့ ဦးဆောင်နေကာ ချန်ပီယံလိဂ်မှာလည်း နှစ်ဂိုးသာ ပေးထားရပါတယ်။
ဒီရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၃၆ ပွဲ ကစား၊ ၃၂ ဂိုး သွင်းထားတဲ့ ကိန်းက ဘိုင်ယန်မြူးနစ်အနေနဲ့ အကောင်းဆုံး ရင်ဆိုင်ဖို့ လိုမယ်လို့ အလေးပေးပြောခဲ့ပါတယ်။ “ကျွန်တော်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ရောက်နေပါပြီ။ အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။ နိုင်ငံတကာပွဲတွေ ပြီးတဲ့အခါ ဒီပွဲအတွက် အာရုံစိုက်သွားမှာပါ” လို့ သူက ဆိုပါတယ်။
အသင်းနှစ်သင်းစလုံးဟာ ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေကြပြီး ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ (Bundesliga) မှာ ၈ မှတ်အသာ နဲ့၊ အင်တာမီလန်က စီးရီးအေ မှာ အမှတ်အသာအနည်းငယ်နဲ့ ဦးဆောင်နေပါတယ်။ ဒီပွဲဟာ ဥရောပ အသင်းကြီး နှစ်သင်းရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်လာမှာပါ။ ဒါ့အပြင် ဒီပွဲစဉ်ဟာ ၂၀၁၀ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာ အင်တာမီလန်က ဖလားသုံးလုံး ရယူခဲ့တဲ့ သမိုင်းဝင် အမှတ်တရတွေကိုလည်း ပြန်လည် နိုးဆွပေးနေပါတယ်။