ဆန်ချိုအတွက် ကစားသမားလဲလှယ်မှုနှင့် ယူနိုက်တက်ထံ ကမ်းလှမ်းလိုက်တဲ့ ဂျူဗင်တပ်စ်
မနှစ်က နည်းပြတန်ဟက်နဲ့ အကြီးအကျယ်ပြဿနာတက်ခဲ့ပြီးနောက် ဆန်ချိုနဲ့ ယူနိုက်တက်ရှိအချိန်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာပါ။ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့သြဂုတ်လကတည်းက ကလပ်အသင်းအတွက် မကစားရသေးဘဲ နယ်သာလန်နိုင်ငံသားနည်းပြရဲ့ ချန်လှပ်ထားခြင်းကိုခံခဲ့ရတာဖြစ်ပြီး ဒုတိယရာသီဝက်ကို ဒေါ့မွန်ထံမှာ အငှားဖြင့် သွားရောက်ကစားခဲ့တာဖြစ်ပါတယ်။
တန်ဟက်ကို စာချုပ်သက်တမ်းတိုးခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကြောင့် လန်ဒန်သားရဲ့ အသင်းတွင် ဆက်ရှိနေဖို့ မျှော်လင့်ချက်များအားလုံး အဆုံးသတ်စေခဲ့ပါတယ်။ ကစားသမားရောင်းချမှုမှတစ်ဆင့် အသင်းရဲ့အပြောင်းအရွှေ့အသုံးစရိတ်ကို မြှင့်တင်ရန် လိုအပ်နေပြီး ဆန်ချိုကို လာမယ့်ရက်သတ္တပတ်များအတွင်း သင့်တော်တဲ့ဈေးဖြင့်ရောင်းချနိုင်ဖို့ ယူနိုက်တက်က မျှော်လင့်နေပါတယ်။
ဂျူဗင်တပ်စ်ဟာ ဒေါ့မွန်ကြယ်ပွင့်ဟောင်းကို တူရင်သို့ ခေါ်ယူရန် စိတ်အားထက်သန်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို လွန်ခဲ့သော ၃ နှစ်က ပေါင် ၇၂ သန်း ပေးကာ ခေါ်ယူခဲ့ရကာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးနှင့်ရင်ဆိုင်နေရတာကြောင့် ပြန်လည်ရောင်းချပါက ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိနေတာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ကလည်း အသင်းရှိတောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ချီယေဆာနှင့် အကျပ်ရိုက်နေတာဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ကစားသမားဟာ အပြောင်းအရွှေ့အတွက် အဆင်သင့်ဖြစ်နေတာဖြစ်ပြီး စာချုပ်သက်တမ်း ၁၈ လကျန်သေးချိန် နည်းပြသစ် သီယာဂိုမော့တာရဲ့ လက်အောက်မှာ သူ့ရဲ့အနာဂတ်က မရေမရာဖြစ်နေတာပါ။ ဂျူဗင်တပ်စ်ဟာ သူ့ကို စာချုပ်သစ်ကမ်းလှမ်းရန် ပြင်ဆင်နေသော်လည်း လက်ရှိစာချုပ်ထက် လစာလျော့နည်းမှာဖြစ်ပါတယ်။
ချီယေဆာအတွက် ရိုးမားမှ စိတ်ဝင်စားမှု နည်းသွားခဲ့တာကြောင့် ဂျူဗင်တပ်စ်ဟာ အခြားရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားနေပါတယ်။ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ စီးရီးအေဘီလူးကြီးအတွက် ထိပ်တန်းပစ်မှတ်အဖြစ် ကျန်ရှိနေဆဲဖြစ်တဲ့ ဆန်ချိုအတွက် ယူနိုက်တက်ထံ ချီယေဆာနှင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါပြီ။
ဆန်ချိုဟာ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိသော်လည်း တန်ဟက်က အဆိုပါကမ်းလှမ်းမှုကို စဉ်းစားနေဆဲဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ချီယေဆာဟာ ၂၀၂၀ ခုနှစ်ကတည်းက ဂျူဗင်တပ်ကစားသမားဖြစ်ခဲ့ပြီး ဖီအိုရင်တီးနားမှ နှစ်ရာသီအငှားလာရောက်ကစားပြီးနောက် ၂၀၂၂ ခုနှစ်တွင် ကလပ်သို့ အပြီးသတ်ရောက်လာခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၁၀ ဂိုး သွင်းယူကာ ၃ ဂိုးဖန်တီးပေးခဲ့ပါတယ်။ တန်ဟက်ဟာ ချီယေဆာကို ခေါ်ယူနိုင်ခြေအတွက် စဉ်းစားနေချိန်တွင် ယူနိုက်တက်ဟာ တိုက်စစ်နေရာအတွက် အားကောင်းစေရန် ကြိုးစားနေတာဖြစ်ပြီး ဘိုလော့ဂ်နာမှ ဇီကာဇီကို ခေါ်ယူရန် သဘောတူညီမှုရရှိထားပါတယ်။