ဒိုကူရဲ့လုပ်ရပ်ဟာ သေချာပေါက်ပယ်နယ်တီ ပေးရမယ့်ကိစ္စဖြစ်တယ်လို့ စိတ်ပျက်လက်ပျက်ပြောဆိုလာတဲ့ ယာဂန်ကလော့ပ်
လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ယမန်နေ့ညပိုင်း၊ မန်စီးတီးနဲ့ ပွဲစဉ်အတွင်း သူ့အသင်းအတွက် နောက်ကျပယ်နယ်တီမပေးခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။
နိုင်ငံတကာဘောလုံးလောကသားအများစုလိုပဲ ကလော့ပ်က ယမန်နေ့ပွဲစဉ် နှောင်းပိုင်းမှာ မက်အယ်လစ္စတာအပေါ် ဒိုကူရဲ့ ဂိုးဧရိယာအတွင်း ဖျက်ထုတ်မှုပုံစံကြောင့် သူ့အသင်း အတွက် ပယ်နယ်တီ ရရှိသင့်တယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ အခုပွဲစဉ်ကို iPads မှတဆင့် ကြည့်ရှုနေတဲ့ အသင်းနည်းပြအဖွဲ့ဝင်တွေ အပါအဝင် သူကိုယ်တိုင်ကပါ ကွင်းလယ်ဒိုင်အနေဖြင့် မူလဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး လီဗာပူးအသင်းအတွက် နောက်ကျပယ်နယ်တီ ကန်ခွင့်ပေးမယ်လို့ ယုံကြည်မိခဲ့ကြောင်း ဂျာမန်သားကြီးက ဆိုပါတယ်။ ဒါပေမယ့် ပယ်နယ်တီမပေးဖို့ဆုံးဖြတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကြောင့် ဒိုကူ သက်သာရာရသွားပြီး ကလော့ပ်ကတော့ စိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။
BBC Match of the Day အစီအစဉ်မှာ ကလော့ပ်က “ဒါက ရာနှုန်းပြည့်ပယ်နယ်တီ ပြစ်ဒဏ်ပါပဲ။ ဒီလူတွေကတော့ အကြောင်းပြချက်တစ်ခု ရှာဖွေနေပါလိမ့်မယ်။ ကွင်းရဲ့ဘယ်နေရာမှာမဆို ဒီလိုလုပ်ရပ်မျိုးက ရာနှုန်းပြည့်ပြစ်ဒဏ်ဘောတစ်ခုဖြစ်ပြီး အဝါကတ်တောင် ပြသလို့ရပါတယ်။ ကျွန်တော့်အနားမှာရှိနေပြီး iPads နဲ့ ကြည့်နေသူတွေကလည်း ဝိုး.. ဒါအရှင်းကြီးပဲလို့ ပြောကြပါတယ်။ မရှင်းမလင်းစကားလုံးတွေနဲ့ ဒီလူတွေက အခုဖြစ်ရပ်ကို ဖုံးကွယ်ကောင်းဖုံးကွယ်သွားနိုင်ပါတယ်။ ပယ်နယ်တီဆိုတာသေချာပေမယ့် ကျွန်တော်တို့အသင်းအတွက် မရရှိခဲ့ပါဘူး။ ဒါရှင်းလွန်းပါတယ်။ ကျွန်တော့်အတွက် အရေးကြီးဆုံးအရာကတော့ ကျွန်တော်တို့အသင်းက အခုလိုပုံစံမျိုးနဲ့ ဘောလုံးကစားနိုင်ခဲ့တယ်ဆိုတာပါပဲ။ ဒီနေ့မှာ အရမ်းရင်ခုန်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောပါတယ်။
တကယ်လို့ လီဗာပူးအနေဖြင့် နောက်ကျပယ်နယ်တီပြစ်ဒဏ်မှတဆင့် အနိုင်ဂိုးကို ရှာဖွေနိုင်မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပြန်လည် wက်လှမ်းသွားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုသရေ ရလဒ်ကြောင့် ရာသီကုန်ဖို့ ၁၀ ပွဲအလိုမှာပဲ အာဆင်နယ်က အမှတ်ပေးဇယားဦးဆောင်သူအဖြစ် ဆက်ရှိနေခဲ့ပါတယ်။ အာတီတာကိုယ်တိုင်လည်း လီဗာပူးအတွက် နောက်ကျပယ်နယ်တီမပေးတဲ့ ဆုံးဖြတ်ချက်အပေါ် ကျေနပ်နေပါလိမ့်မယ်။
လီဗာပူးနည်းပြကြီးကတော့ အဖြစ်အပျက်တွေကို တွေးတောစဉ်းစားရင်း အချိန်ဖြုန်းနေဖို့ မရှိဘဲ စပါတာပရာဟာကို ကျော်ဖြတ်နိုင်မယ့်နည်းလမ်း ရှာဖွေနေပါလိမ့်မယ်။ အနီရောင်တပ်သားတွေက ချက်ပြည်တွင်းကလပ်ကို ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်(ပထမအကျော့)မှာ ၅-၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး အခုသီတင်းပတ်နှောင်းပိုင်း၊ အန်ဖီးလ်ကွင်းမှာ ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။