The network connection is lost.

Banner Image

အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဂူဟီကို ချီးကျူးပြောဆိုလာတဲ့ ဂျွန်စတုန်းစ်

အင်္ဂလန်လက်ရွေးစင် အဓိကနောက်ခံလူ ဂျွန်စတုန်းစ်က ယခုနှစ်ယူရို ၂၀၂၄ ပြိုင်ပွဲမှာ  အတူတူတွဲဖက်ကစားနေပြီး ခြေစွမ်းပြသထားနိုင်တာကြောင့် ယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရတဲ့ အသင်းဖော် မာ့ခ်ဂူဟီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့အဓိကနောက်ခံလူ ဟယ်ရီမက်ဂွါရီက ဒဏ်ရာပြဿနာနဲ့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို အစားထိုးအသုံးပြုနေတာဖြစ်ပါတယ်။ အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ ယူရိုပြိုင်ပွဲမတိုင်မီမှာ အင်္ဂလန်အတွင် စုစုပေါင်း ၁၁ ပွဲသာ ပါဝင်ကစားခွင့်ရထားသော်လည်း ခြေစွမ်းထက်မြက်မှုကြောင့် လက်ရှိအချိန်မှာတော့ ယုံကြည်စိတ်ချက်စွာ နေရာပေးခံထားရတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ယူရိုပြိုင်ပွဲအတွင်း ဂူဟီရဲ့စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပြုရန်တောင်းဆိုခဲ့ရာမှာ မန်စီးတီးကြယ်ပွင့် စတုန်းစ်က “အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ သူက ဒီလိုပြိုင်ပွဲကြီးတွေကို အရင်ကတစ်ခါမှ မကစားဖူးဘဲ အသင်းကို ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေကို ကောင်းကောင်းကိုင်တွယ်ထားနိုင်ပြီး စွမ်းဆောင်ရည်အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပြိုင်ပွဲမတိုင်ခင် ကျွန်တော်သူ့ကို ပြောခဲ့တာက “ ဒီအသင်းမှာ ကစားနေတဲ့ဘယ်သူမဆို အဲဒီလူက ငါရဲ့ညာလက်ဖြစ်ပြီး ငါက အဲဒီလူရဲ့ ဘယ်ဘက်လက်ဖြစ်တယ်”ဆိုတာပါပဲ။ အားလုံး စုပေါင်းပြီးအလုပ်လုပ်တယ်လို့ဆိုလိုတာပါ။ သူနဲ့အတူ ကစားရတာပျော်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂူဟီဟာ ဆားဘီးယားကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ယူရိုအဖွင့်ပွဲစဉ်မှာ အသင်းအတွက် ဂိုးမပေးရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒိန်းမတ်ကို ၁-၁ နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ချီးကျူးခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်ဟာ အုပ်စုကိုထိပ်ဆုံးကနေ ဦးဆောင်ထားပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ စလိုဗေးနီးယားနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

စတုန်းစ်အပြင် အင်္ဂလန်တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကလည်း ဂူဟီကို အထင်ကြီးလေးစားတဲ့ကစားသမားဖြစ်ပြီး တကယ်လို့ ဒီနွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်ရင် နယူးကာဆယ်ကို လာရောက်ကစားဖို့ တိုက်တွန်းထားတယ်လို့ဆိုပါတယ်။

နယူးကာဆယ်ကြယ်ပွင့် ဂေါ်ဒွန်က “နယူးကာဆယ်က ဘယ်ကစားသမားတွေနဲ့ ချိတ်ဆက်နေလဲတော့ ကျွန်တော်လည်းမသိပါဘူး။ ဒါပေမယ့် ဂူဟီကတော့ ထိပ်တန်းကစားသမားပါ။ သူနဲ့အတူကစားရတာ ကျွန်တော်အရမ်းသဘောကျပြီး တကယ်လို့ သူ့အနေနဲ့ အသင်းကိုလာမယ်ဆိုရင်တော့ ကျွန်တော်တို့ကို ပိုကောင်းအောင်လုပ်ပေးနိုင်ပါလိမ့်မယ်။ သူကအင်္ဂလန်နဲ့ထိုက်တန်တာကြောင့် အခုလိုကစားခွင့်ရတဲ့အပေါ် အရမ်းဝမ်းသာပါတယ်။ သူ့အနေနဲ့ ဆားဘီးယားနဲ့ပွဲမှာ မပါဝင်လောက်ဘူးလို့ထင်ခဲ့ပေမယ့် ပါဝင်ကစားနိုင်ခဲ့ပါတယ်” “သူက ခေါင်းယှဉ်တိုက်တဲ့အကြိမ်တိုင်းကို အနိုင်ရခဲ့ပြီး စိတ်ဓာတ်ပြင်းထန်တဲ့ကစားသမားပါ။ ဘောလုံးကို ကြားဖြတ်ရယူတဲ့ကဏ္ဍမှာ ကျွမ်းကျင်သလို ဘောလုံးကိုင်ထားတဲ့ပုံစံကလည်း ကွင်းလယ်ကစားသမားတစ်ယောက်လို တည်ငြိမ်မှုရှိပါတယ်။ ဒါကြောင့် သူနဲ့စတုန်းစ်တို့ရဲ့ပေါင်းစပ်မှုက အင်္ဂလန်အသင်းကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ဖြစ်လာတယ်လို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။