
အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်မီ ရက်ရှ်ဖို့ဒ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာတဲ့ အန်းစလော့
လီဗာပူးနည်းပြ အန်းစလော့က အက်စတွန်ဗီလာနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ယူနိုက်တက်မှ ဗီလာပါ့ခ်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ တကယ်လို့ ယခုပွဲစဉ်မှာသာ လီဗာပူးအနေနဲ့ နိုင်ပွဲရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက အာဆင်နယ်ကို ၁၀ မှတ်အထိဖြတ်တောက်သွားနိုင်မှာလည်းဖြစ်ပါတယ်။ သို့သော်လည်း အန်းစလော့က အက်စတွန်ဗီလာနဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်က လီဗာပူးကို ဒုက္ခပေးနိုင်တယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်နဲ့ အစ်ဆွစ်ချ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အက်စတွန်ဗီလာအတွက် ခြေစွမ်းပြသခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ယခုလီဗာပူးနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ်စတင်ပါဝင်လာနိုင်ချေရှိတယ်လို့သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကစားသမားဘဝမှာ လီဗာပူးဘက်ကို ၇ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် ယခု ဗီလာသို့ရောက်ရှိချိန်မှာလည်း ဂိုးသွင်းမှတ်တမ်းကို ထပ်မံမြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရဖို့ရှိနေပါတယ်။
အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စလော့က "ကျွန်တော်ရက်ရှ်ဖို့ဒ်အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူနဲ့ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ရာသီကြိုမှာ သူ့ရဲ့ခြေစွမ်းကို သေချာမြင်ခဲ့ပါတယ်။ သူ့ရဲ့အမြန်နှုန်းက တကယ်ကို အထင်ကြီးစရာပါ။ ပြီးတော့ ဘောလုံးကိုလည်း ပိုင်ပိုင်နိုင်နိုင်ကိုင်ကစားနိုင်ပါတယ်။ သူ့အနေနဲ့ ဗီလာမှာ ခြေစွမ်းကောင်းတွေပြသနိုင်ပါစေလို့ မျှော်လင့်ပေမယ့် မနက်ဖြန်ပွဲမှာတော့ မဖြစ်စေချင်ပါဘူး။ သူသာ လာမယ့်လတစ်ချို့မှာ ခြေစွမ်းကောင်းကို မပြသနိုင်ဘူးဆိုရင်တော့ ကျွန်တော့်အတွက် အံ့အားသင့်စရာဖြစ်နေမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကနေ အက်စတွန်ဗီလာသို့ ၆ လသက်တမ်းရှိယာယီအငှားစာချုပ်နဲ့သာ ပြောင်းရွှေ့ခဲ့ပေမယ့် စာချုပ်သက်တမ်းပြည့်ချိန်မှာ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်သွားဖို့အလားအလာမရှိပါဘူး။ အင်္ဂလန်သားဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပိန်လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနဲ့ချိတ်ဆက်လိုနေတယ်လို့သိရပါတယ်။