The network connection is lost.

Banner Image

လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ခြေရှိတဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မယ့် ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက ကလပ်အသင်းရဲ့လာမယ့်ပွဲစဉ်ကို လွဲချော်စေမယ့် အဝါကတ်ပြစ်ဒဏ်ချမှတ်ခဲ့သူကွင်းလယ်ဒိုင်လူကြီးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဟယ်ရီကိန်းက မိန့်ဇ်အသင်းရဲ့ဖရီးကစ်စတင်နိုင်ရန်လှုပ်ရှားမှုကို ပိတ်ဆို့ကာ အချိန်ဖြုန်းတီးခြင်းအတွက် အဝါကတ်ပြသခံရပါတယ်။
 
အဲ့ဒီပွဲစဉ်မှာ ဘာဗေးရီးယန်းသားတွေက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လာမယ့်သီတင်းပတ်၊ လိုက်ပ်ဇစ်နဲ့ပွဲစဉ်မှာ ဟယ်ရီကိန်းမပါဝင်နိုင်ပေမယ့် အနိုင်ရလဒ်ဖော်ဆောင်နိုင်မယ်ဆိုရင် အမှတ်ပေးချန်ပီယံဆုကို သေချာပေါက်သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။ သိထားသင့်တဲ့အရာတစ်ခုကတော့ အခုအဝါကတ်ပြစ်ဒဏ်က ဒီနှစ်ဘောလုံးရာသီအတွင်း အင်္ဂလန်တိုက်စစ်မှူးရဲ့ငါးကြိမ်မြောက်အဝါကတ်ဖြစ်ပြီး သူ့အတွက် အတော်လေးစိတ်ပျက်စရာဖြစ်စေမယ့် တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်သွားရပါတော့မယ်။

ပွဲစဉ်အပြီး ဟယ်ရီကိန်းက “ ရူးချင်စရာဆုံးဖြတ်ချက်တစ်ခုပါ။ လိုက်ပ်ဇစ်နဲ့ပွဲစဉ်ကို လွဲချော်ရမှုက ကျွန်တော့်ဇာတ်လမ်းမှာ ပါဝင်လာခဲ့ပါပြီ။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ကျွန်တော်က အခြားသူတွေထက်ပိုပြီး အောင်ပွဲခံသွားပါမယ်။ ဒီအဝါကတ်ပြစ်ဒဏ်ကို အတော်လေးစိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဝါကတ်လေးကြိမ်ပြသခံထားရတာကို သိထားလို့ပါပဲ။ ၃၄ ပွဲကစားရာမှာ အဝါကတ်ငါးကြိမ်နဲ့အတူ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတာ ရူးလောက်စရာပါ။ ရူးချင်စရာ စည်းမျဉ်းတစ်ခုပါပဲ။ ပရီးမီယားလိဂ်လိုပဲ ရာသီဝက်ကာလမှာ အဝါကတ်ပြစ်ဒဏ်တွေ ပယ်ဖျက်ပေးတာမျိုး ဒီမှာလည်း လုပ်သွားသင့်ပါတယ်”လို့ ပြောပါတယ်။

ဒါကတော့ ကစားသမားဘဝသက်တမ်းတလျှောက် ပထမဆုံးအကြိမ်မေဂျာဆုဖလားတစ်လုံး ဆွတ်ခူးနိုင်မယ့်ပွဲစဉ်ကို လွဲချော်သွားတော့မယ့် ဟယ်ရီကိန်းရဲ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ဟယ်ရီကိန်းက ပရိုကစားသမားဘဝသက်တမ်းတလျှောက် ဆုဖလားအောင်မြင်မှုလုံးဝမရရှိခဲ့ဘဲ ဒီမှတ်တမ်းဆိုးကို ချေဖျက်နိုင်ဖို့ ကတိစကားနဲ့အတူ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်၊ လေဗာကူဆင်ရဲ့အံ့ဖွယ်ဘောလုံးရာသီကြောင့် သူ့အတွက်အောင်မြင်မှုရရှိဖို့ အချိန်ကာလတစ်ခု ထပ်စောင့်ခဲ့ရပါတယ်။ 

လာမယ့်သီတင်းပတ်ပွဲစဉ်ကို ဟယ်ရီကိန်းလွဲချော်ဖို့ရှိပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ နောက်ထပ်နှစ်မှတ် ရှာဖွေနိုင်မယ်ဆိုရင် ဂျာမန်ချန်ပီယံအဖြစ် နောက်တစ်ကြိမ် အောင်ပွဲခံနိုင်ပါလိမ့်မယ်။ ဟယ်ရီကိန်းကတော့ လာမယ့်သီတင်းပတ်၊ ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုရရှိရေးကြိုးပမ်းမှုကို ကွင်းဘေးမှာပဲ စောင့်ကြည့်သွားရပါလိမ့်မယ်။